top of page

တရားမဝင်ရွှေတူးဖော်မှုများကြောင့်ဧရာဝတီမြစ်ရေအတွင်း ဓာတ်သတ္တုပါဝင်မှုနှုန်းလျင်မြန်စွာမြင့်တက်လာပြီး ဂေဟစနစ်အတွက်စိုးရိမ်နေရ

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၆ရက်၊မတ်လ၊ ၂၀၂၅။





အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ချောင်းဘေးနှင့် မြစ်ချောင်းအတွင်း တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာသောကြောင့် ရေအတွင်းဓာတ်သတ္တုပါဝင်မှုနှုန်းများခြင်းသည် ဂေဟစနစ် နှင့်ပတ်ဝင်းကျင်ပျက်စီးနိုင်ကြောင်း Myanmar Resource Watch(MRW)မှ ထုတ်ပြန်ထားသည်။


ထိုသို့ ရွှေများ အလွန်အကျွန်တူးဖော်မှုများကြောင့် ရေနောက်ကျိခြင်းနှင့် ရွှေသန့်စင်ခြင်းကြောင့် ရေတွင် ခဲ၊ ပြဒါး၊ ကက်မီယမ်နှင့် မဂ္ဂနီဆီယမ်တို့ လွန်ကဲစွာပါဝင်နေခြင်းသည် မြစ်ချောင်းများကို မှီတင်းနေထိုင်ကြသော ပြည်သူများ သောက်သုံးရေအတွက် စိုရိမ်နေရပြီး ဂေဟစနစ်ကိုပါ ပျက်နိုင်ကြောင်း ဖော်ပြထားသည်။


ထိုသို့ စိုးရိမ်မှုများကြောင့် ဧရာဝတီမြစ်တစ်လျှောက် မြစ်ဆုံ၊ နောင်းချိန်း၊ ဗန်းမော်တို့ အပါအဝင် မြို့နယ် ၁၈မြို့နယ်မှ ချီဖွေချောင်း၊ မေခမြစ်၊ မလိခမြစ် အပါအဝင် မြစ်လက်တက်နှင့် ချောင်းများ (၁၈) နေရာကို Myanmar Resource Watch(MRW)မှ ရေ၏ အရည်အသွေးနှင့် ဓာတ်သတ္တုပါဝင်မှုကို သုတေသနပြုလုပ်ခဲ့သည်။


တွေ့ရှိချက်ထဲတွင် ခဲ၊ ကက်ဒမီယမ်၊ ပြဒါး နှင့် မဂ္ဂနစ်ပါဝင်မှုနှုန်းသည် သတ်မှတ်စံချိန်ထက် အလွန်ကျော်လွန်နေပြီး ရေနောက်ကျိမှုသည်လည်း ဗန်းမော်မြို့မှလွဲ၍ ကျန်နေရာများတွင် သောက်သုံးရေအတွက် ရေနောက်ကျိမှုမှာ စံသတ်မှတ်ချက်ထက် များစွာကျော်လွန်နေကြောင်း ဖော်ပြထားသည်။


အလားတူ ဧရာဝတီမြစ်အတွင်း စီးဝင်သော မြစ်ချောင်းများတွင်လည်း သတ္တုဓါတ် (၄) မျိုး ပါဝင်မှုနှုန်းမှာ စံသတ်မှတ်ချက်ထက် ကျော်လွန်နေပြီး ရေအားလျှပ်စစ်ထုတ်လုပ်သည့် ချီဖွေချောင်းတွင်လည်း မဂ္ဂနစ်၊ ခဲ၊ နှင့် ပြဒါး ပါဝင်မှု အမြင့်ဆုံးပါရှိနေကြောင်း ဖော်ပြထားသည်။


ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်ရှိရေတွင် ပြဒါး၊ ခဲ၊ မဂ္ဂနစ် နှင့် ကဒ်မီယမ် မြင့်မားစွာ ပါဝင်နေခြင်းသည် ရေညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်သာမက လူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို သိသိသာသာ ထိခိုက်စေနိုင်သလို ဂေဟစနစ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်သည်။


ပြဒါးသည် အလွန် အဆိပ်သင့်သော သတ္တူဖြစ်ပြီး ငါးကဲ့သို့ ရေနေသတ္တဝါများတွင် စုပုံနိုင်ပြီး အဆိုပါငါးများကိုစားသုံးခြင်းဖြင့် လူ့ကျန်းမာရေးကို အန္တရယ်ဖြစ်စေနိုင်သည်။ ခဲသည်လည်း ပြဒါးကဲ့သို့ အဆိပ်ဖြစ်နိုင်ပြီး အာရုံကြော၊ နှလုံးသွေးကြောနှင့် မျိုးပွားမှုစနစ်များကို ထိခိုက်စေနိုင်ပြီး အထူးသဖြင့် ကလေးများ၏ မှတ်ညှဏ်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်။


မဂ္ဂနီးခ်သည် အနိမ့်ဆုံးအဆင့်တွင် မရှိမဖြစ်လိုအပ်သော အာဟာရဖြင့်သော်လည်း များလွန်းသောပမာဏတွင် လူ့ကျန်မာရေးကို ထိခိုက်စေနိုင်သည်။ ကက်ဒမီယမ်သည်လည်း အဆိပ်သင့်သတ္ထုတစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် ကျောက်ကပ်နှင့် အရိုးများကို ထိခိုက်စေနိုင်ပြီး၊ ကင်ဆာ ဖြစ်နိုင်ခြေ တိုးလာခြင်းနှင့် ရေနေသတ္တဝါများအတွက် အလွန်အဆိပ်သင့်သော သတ္ထုတစ်မျိုးဖြစ်သည်။


ရေညစ်ညမ်းမှုကို လျှော့ပါးစေရန် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် လူမှုအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသတွင်းရှိပြည်သူများ အလျှင်အမြန် ညှိနှိုင်းဆောင်ရွက်ကြရန်၊ သတ္ထတူးဖော်ရာတွင် ကုလသမဂ္ဂနှင့် OECD လမ်းညွန်ချက်များလိုက်နာခြင်း၊ ရေအတွင်း သတ္တုညစ်ညမ်းမှုအန္တရာယ်နှင့် ဘေးကင်းသော အလေ့အကျင့်များအကြောင်း ရပ်ရွာလူထုအား အသိပညာပေးခြင်း၊ စောင့်ကြည့်ရေးနှင့် အကာအကွယ်ပေးရေးများ လုပ်ဆောင်သင့်ကြောင်း အကြံပြုတိုက်တွန်းထားပါသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page