ပါဂျောင်မီဒီယာ။
၂၅ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေမှ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပုံမှန်ဖွင့်လှစ်ထားသော်လည်း တရုတ်ဘက်မှ ကုန်စည်စီးဆင်းမှုနည်းပါးနေပြီး အခွန်ပေးဆောင်နေရသောကြောင့် နယ်စပ်ဒေသအတွင်း ကုန်ဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ဒေသခံများ ပြောဆိုချက်အရ ပန်ဝါဂိတ်တွင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန်ပင် KIAနှင့်တရုတ် နှစ်ဖက်အစိုးရထံ လျှောက်လွှာတင်ကာ အခွန်ပေးဆောင်နေရသောကြောင့် ကုန်ပစ္စည်းအဝင်အထွက် ပုံမှန်မရှိဘဲ ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်ကြောင်း ပြောသည်။
“ကုန်ဘဲဖြစ်ဖြစ် လူဘဲဖြစ်ဖြစ် သွားလာမယ်ဆိုရင် အရင်ဆုံး ဒေသရုံးမှာ အရင်လျှောက်ထားရတယ်။ လျှောက်လွှာကျမှ အဲ့လျှောက်လွှာယူပြီး တရုတ်ဘက်ကိုတစ်ဆင့် သွားပြောပြီးမှ တရုတ်ကတစ်ဆင့် ပြန်လုပ်ပေးပြီးမှရတယ်။ အခွန်တွေ ဆောင်ရတဲ့စရိတ်များတော့ ကုန်ဈေးတွေလည်းတက်တယ်” ဟု ပန်ဝါဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
နယ်စပ်ဂိတ်များတွင် တရုတ်ဘက်မှ ကုန်စည်အဝင်အထွက် ကန့်သတ်ထားသလို အချို့ပစ္စည်းများကို အဝင်အထွက်တားမြစ်ထားတာကြောင့် ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ဇန္နဝါရီလပိုင်းမှာတော့ စက်သုံးဆီများကို တရုတ်ဘက်မှ မှောင်ခိုတင်သွင်း ရောင်းချခဲ့သောကြောင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲခဲ့ကြကြောင်းလည်း သိရသည်။
တစ်ဖက်မှာလည်း မိုင်ဂျာယာန်မြို့ရှိ နယ်စပ်ဂိတ်တွင် တရုတ်ဘက်မှ ပိတ်ထားသောကြောင့် ကုန်ပစ္စည်းများမှာ မူဆယ်ဘက်မှသာ သယ်ယူနေရသဖြင့် ကုန်ဈေးနှုန်းများ မြင့်သထက်မြင်တက်နေသည်ဟု ဆိုသည်။
“ဒီမိုင်ဂျာယန်ဂိတ်က အခုထိမဖွင့်သေးဘူး ကချင်တွေဘက်ကဖွင့်ထားပေမဲ့ တရုတ်ဘက်ကပိတ်ထားတယ် ကုန်ပစ္စည်းတွေတော့ မူဆယ်ဘက်ကဝင်တယ် မူဆယ်ကကုန်တွေက လူလည်းသွားလာလို့ရတော့ ပစ္စည်းတွေအားလုံး အဲ့ကနေဘဲ တင်ပို့နေရတယ်။ ဆိုတော့ဈေးကမြင့်တက်နေဆဲဖြစ်တယ်” ဟု မိုင်ဂျာယာန်ဒေသခံတစ်ဦးမှ ပြောပြသည်။
လက်ရှိပန်ဝါဒေသတွင် စက်သုံးဆီ (Cola ဗူးကြီး တစ်ဘူး)လျှင် တရုတ်ငွေ ယွမ် (၄၀)၊ မြန်မာကျပ်ငွေဖြင့် သုံးသောင်းနီးပါး ပေးဝယ်ရပြီး၊ မိုင်ဂျာယန်မြို့မှာတော့ တစ်လီတာလျှင် တရုတ်ငွေ ယွမ်(၁၅)၊ မြန်မာကျပ်ငွေဖြင့် တစ်သောင်းကျပ်မှ တစ်သောင်းခွဲကျပ်အတွင်း ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်ရှိ နယ်စပ်ဂိတ်များကို ၂၀၂၄ခုနှစ် ၁၀လပိုင်း ပန်ဝါမြို့သိမ်းချိန်တွင် ပိတ်ခဲ့ပြီး၊ ဒီဇင်ဘာ၁၃ရက်နေ့တွင် တရုတ်အစိုးရနှင့် KIOအစိုးရတို့ နှစ်ဖက်သဘောတူညီမှုဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း မိုင်ဂျာယာန်တွင် တရုတ်ဘက်မှ ကုန်စည်အဝင်အထွက်မရှိဘဲ မူဆယ်ဘက်မှသာ သယ်ယူနေရခြင်းဖြစ်သည်။
သတင်း - ဖရိန်း
Comments