top of page

တရုတ်ဘက်မှ ကုန်စည်များတင်ပို့ခြင်းကိုပိတ်ပင်ထားဆဲဖြစ်သဖြင့် မိန်ဝိန်းကြီးဒေသရှိ မီးသွေးကုန်သည်နှင့်မီးသွေးဖုတ်ရောင်းသူများအရှုံးပေါ်နေ

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၂၄ရက်၊မတ်လ၊၂၀၂၅။




ကချင်ပြည်နယ်ရှိ တရုတ်နယ်စပ်ဂိတ်များ ဆက်လက်ပိတ်ထားဆဲဖြစ်သောကြောင့် မန်ဝိန်းကြီးဒေသရှိ မီးသွေးဖုတ်သူများနှင့် မီးသွေးကုန်သည်များမှာ မရောင်းရဘဲ မီးသွေးတန်ချိန် အများအပြား သောင်တင်ကာ အရှုံးပေါ် ခက်ခဲနေကြသည်ဟု ဒေသခံများက ပြောသည်။


“စစ်ရှောင်တစ်ချို့နဲ့ ဒေသခံတစ်ချို့ကတော့ တောတောင်တွေမှာ ဒီမီးသွေးပဲဖုတ်ပြီး ဝင်ငွေအနည်းငယ်ရှာနိုင်ကြတာ။ ခုတော့ မီးသွေးလည်း ဘယ်သူမှ မဝယ်တော့ ငွေလည်းဘယ်မှာမှ ရှာမရနဲ့ အရမ်းကိုစိုးရိမ်၊ ခက်ခဲနေကြတယ်။” ဟု မီးသွေးကုန်သည်တစ်ဦးက ပြောသည်။


မီးသွေးဖုတ်လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုသည့် ဒေသခံများမှာ တရုတ်ပြည်သို့ မီးသွေးမတင်သွင်း မရောင်းချနိုင်သောကြောင့် အရှုံးပေါ် အခက်အခဲဖြစ်နေကြသည့်အပြင် ဒေသအတွင်းလည်း ဝယ်သူမရှိသလောက် ရှားပါးလာသဖြင့် မီးသွေးလုပ်ငန်းကို ရပ်နားထားရသည်ဟု ဆိုသည်။


ယခင်က မီးသွေးဖုတ်သူများထံမှ ကုန်သည်များဝယ်ယူကာ တရုတ်ပြည်သို့တင်ပို့ ရောင်းချခြင်းဖြစ်ရာ နယ်စပ်ဂိတ်များ ပိတ်ထားဆဲဖြစ်သောကြောင့် ကုန်သည်များ မီးသွေးမဝယ်တော့သဖြင့် မီးသွေးဖုတ်သူများလည်း ရပ်နားထားရကြောင်း သိရသည်။


ယခင်နှစ် ဂိတ်များဖွင့်ချိန် မီးသွေးတန်ချိန် တစ်တန်လျှင် တစ်ရုတ်ငွေ ယွမ်နှစ်ထောင် မြန်မာကျပ်ငွေ (ယွမ်တစ်ရာ=ခြောက်သောင်းကျပ်)ဖြင့် ဆယ့်နှစ်သိန်းအထိ ဈေးရရှိခဲ့သည်။ သို့သော် နယ်စပ်ဂိတ်များပိတ်ပြီးနောက် ယခုနှစ်ဆန်းပိုင်းတွင် တစ်တန်လျှင် ယွမ်တစ်ထောင့်ခုနှစ်ရာသာ ဈေးရရှိခဲ့ပြီး၊ မတ်လဆန်းအရောက်တွင် ယွမ်တစ်ထောင့်ငါးဆယ်ထိ ဈေးလျော့သွားကြောင်းနှင့် ဝယ်ယူသူမရှိသဖြင့် အတင်းတိုးရောင်းနေရကြောင်း သိရသည်။


ထို့နောက် မတ်လ၂၀ရက်ပိုင်းနေ့ကတည်းက တရုတ်ဘက်မှ မီးသွေးဝယ်မှု မရှိတော့သဖြင့် အချို့ကုန်သည်များလက်ထဲတွင် မီးသွေးတန်သောင်းချီစုပုံကာ အရှုံးပေါ်နေသည်ဟု ဆိုသည်။


ကုန်သည်များမှာ သောင်တင်နေသည့် မီးသွေးများကို မိမိခြံအတွင်းသော်လည်းကောင်း၊ ခြံငှားခြင်းဖြင့်သော်လည်းကောင်း စုပုံထားနေရပြီး၊ ထုတ်ပိုးထားသောမီးသွေးအိတ်များပါ ဆွေးမြည့်လာသည်ဟု ဆိုသည်။


တစ်ဖက်မှာလည်း မီးသွေးကုန်သည်များနည်းတူ ဒေသထွက်ကြံစိုက်ပျိုး တောင်သူများလည်း နယ်စပ်ဂိတ်ပိတ်ထားခြင်းနှင့် ဈေးအလွန်လျော့နည်းလာခြင်းကြောင့် မခုတ်ရောင်းနိုင်ဘဲ အရှုံးပေါ်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


သတင်း - ဇော်မိုင်


Comments


Pajau Media

Thanks for subscribing!

bottom of page