ပါဂျောင်မီဒီယာ။
၂၄ရက်၊အောက်တိုဘာ၊၂၀၂၄။
တရုတ်နယ်စပ်တွင်နေထိုင်သူအများစုမှာ တရုတ်ဘက်မှဝင်သည့် ကုန်ပစ္စည်းများကိုသာ အဓိကထား ကုန်သွယ်ရောင်းဝယ်နေကြရပြီး ယခုလို တရုတ်ဘက်မှ နယ်စပ်ဂိတ်တံခါးများအားလုံးကို ပိတ်လိုက်ပြီးနောက်တွင် အစားအစာနှင့်ကုန်ပစ္စည်းရှားပါးလာသည့် အခက်အခဲများ ကြုံတွေ့နေရသည်ဟု လိုင်ဇာဒေသခံများ ပြောပြချက်အရ သိရသည်။
နယ်စပ်ဒေသများသို့ ဟင်းသီးဟင်းရွက်နှင့်အသား၊ငါးများကို တရုတ်ဘက်မှ အဓိကထားကုန်သွယ်နေလျှက်ရှိပြီး လတ်တလော တရုတ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထားသောကြောင့် အမဲသားရောင်းဝယ်သူများမှာလည်း အမဲသားဝယ်ယူ၍မရသည်မှာ ၁ပတ်ခန့်ရှိနေပြီဟု လိုင်ဇာမြို့မှ အမဲသားရောင်းဝယ်လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“အောက်ပိုင်းဘက်ကနေလဲ ကုန်ပစ္စည်းတင်သွင်းမှုတွေမရှိတော့ တရုတ်ဘက်ကပဲ အဓိကကုန်သွယ်ကြတာကို အခုက တရုတ်ကလဲ နယ်စပ်ဂိတ်တွေအကုန်ပိတ်လိုက်တော့ အမဲသားတောင်မရောင်းတော့ဘူး။ တစ်ပတ်လောက်ရှိလာပြီ။ အဲဒီဂိတ်တွေ ဖွင့်တာကိုပဲ စောင့်ရတော့မယ်။ မြန်မာနိုင်ငံ အောက်ပိုင်းက လာတဲ့ကုန်ပစ္စည်းတွေကျ ဘာပစ္စည်းဖြစ်ဖြစ် ဈေးအရမ်းကြီးတယ်။ ဘာပဲပြောပြော တရုတ်ဘက်ကဝင်တာကတော့ ဈေးနှုန်းအသင့်သင့် ရှိတယ်လေ။”
လက်ရှိလိုင်ဇာဈေးအတွင်း အမဲသားများ မရှိသလောက်ရှားပါးလာပြီး ဒေသမှထွက်သည့် အမဲသားမှာ တစ်ပိသာလျှင် လေးသောင်းအထိ ရှိနေပြီး၊ ကြက်ဥမှာ မရှိသလောက်ရှားပါးနေသည်ဟု ပြောသည်။
“ဒီတစ်ပတ်ထဲကဟုတ်တယ်။ ပန်ဝါသိမ်းပြီး ည၁၂နာရီမှာ တရုတ်က နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပိတ်လိုက်ပြီဆိုတာ ကြားကတည်းက တစ်ခါတည်း အလုအယှက်ဝယ်နေကြတာ။ ကျန်တာတွေက ဈေးနှုန်းပြန်မြင့်သွားတော့ အရမ်းခက်နေတယ်။ အသားနဲ့ပတ်သက်ပြီး ဘာမှမရတော့ဘူး။ ခရမ်းချဉ်သီးတောင် အရမ်းရှာရခက်သွားပြီ။ တရုတ်ဘက်ခြမ်းကပဲ ဝယ်ယူကြတယ်ဆိုတော့ ခက်ပြီပေါ့။” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။
KIA ပူးပေါင်းတပ်ဖွဲ့မှ ပန်ဝါဒေသရှိ နယ်ခြားစောင့်တပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် KIAအုပ်ချုပ်နယ်မြေရှိ လိုင်ဇာ၊ မိုင်ဂျာယာန်၊ လွယ်ဂျယ်နင့် ကံပိုင်တည် အစရှိသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များ အားလုံးကို တရုတ်ဘက်က ပိတ်ပင်ထားလိုက်ကြောင်း သိရသည်။
လတ်တလော ကချင်ပြည်နယ်အတွင်း အဓိကဝယ်ယူသုံးစွဲကြသည့် စက်သုံးဆီနှင့် စားနပ်ရိက္ခာ ကုန်ပစ္စည်းများမှာ တရုတ်ပြည်မှဝင်ရောက်နေခြင်းဖြစ်ပြီး ယခုကဲ့သို့နယ်စပ်ဂိတ်များ ပိတ်ပင်လိုက်ပြီးနောက် ကုန်ဈေးနှုန်းများ နေ့စဉ်မြင့်တက်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
Comentarios