top of page

တရုတ်ကုမ္ပဏီများမှ ကြံဈေးနှုန်းများအားတိုးမြှင့်ဝယ်ယူပေးခြင်းမရှိသဖြင့် ကြံစိုက်ပျိုးလုပ်ကိုင်သူများအခက်တွေ့နေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၂ရက်၊ဇန္နဝါရီ၊၂၀၂၄။



ကချင်လွှတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားသည့် မိုင်ဂျာယန်မြို့နှင့် လွယ်ဂျယ်မြို့တို့တွင် အဓိက လုပ်ကိုင်စားသောက်ကြသည့် ကြံစိုက်ခင်းများကို တရုတ်နိုင်ငံဘက်မှ ကြံဝယ်ယူသည့် ကုမ္ပဏီများက ဈေးနှုန်းတိုး ဝယ်ယူခြင်းမရှိခြင်းကြောင့် ကြံခုတ်ရောင်းချိန် ရောက်နေသော်လည်းဒေသခံများမှာ ကြံခုတ်ရောင်းသူမရှိကြောင်းသိရသည်။


ယခင်အချိန်တွင် ကြံ ၁-တန်ကို တရုတ်ငွေယွမ်(၄၅၀)အထိ ဈေးရရှိခဲ့ပေမယ့်၊ ကိုဗစ်ကာလနောင်းပိုင်းတွင် ကြံတစ်တန်လျှင် ယွမ်(၃၅၀)သာ ဈေးရရှိတော့ကြောင်းနှင့် လက်ရှိအချိန်တွင် အဆိုပါဈေးနှုန်းထက် ထပ်တိုးပေးဝယ်ခြင်းမျိုး မရှိတော့သည့်အပြင် သယ်ယူပို့ဆောင်ရေးအတွက်ပင် အခက်အခဲများစွာ ရှိနေကြောင်းသိရသည်။




ကြံစိုက်တောင်သူများ ပြောဆိုချက်အရ ကြံစိုက်ခင်းအတွင်း ထည့်သွင်းအသုံးပြုသည့် ဓာတ်မြေဩဇာနှင့် အခြားလိုအပ်သည့် အသုံးပြုပစ္စည်းများမှာ တစ်နှစ်ပြီးတစ်နှစ် ဈေးနှုန်းပိုမိုမြင့်တက်ခဲ့ပေမယ့် ကြံဈေးနှုန်းမှာ တိုးမြင့်ခြင်းမရှိကြောင်း သိရသည်။


ကြံစိုက်တောင်သူများက ကြံဝယ်ယူသည့် တရုတ်ကုမ္ပဏီများကို ကြံဈေးနှုန်း တိုးမြင့်ပေးရန် စာတင်ပြီး ဆွေးနွေးတိုင်ပင်ပြောဆိုခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိ ပြန်လည်ပြောဆိုခြင်း မရှိသေးသောကြောင့် ကြံစိုက်တောင်သူများမှာ ယခုဈေးနှင့်ကြံခုတ်ရောင်းသည်ရှိသော် အရှုံးပေါ်နိုင်သည်ဟု ပြောဆိုနေကြသည်။


ယခင်နှစ်များတွင် လိုအပ်သည့် ပစ္စည်းနှင့် အသုံးပြုသည့် မြေဩဇာ၊ ပလပ်စတစ်ကအစ ကြံဝယ်ယူသည့် ကုမ္ပဏီဘက်မှ အပြည့်အဝ ကူညီထောက်ပံ့ခဲ့သော်လည်း ကိုဗစ်ကာလ ၂၀၂၀ခုနှစ် နောက်ပိုင်းမှာတော့ အဆိုပါလိုအပ်သည့် ပစ္စည်းများကို တရုတ်က မပေးတော့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။


ကြံစိုက်ခင်းများအား ဒီဇင်ဘာလမှ မတ်လအထိ ခုတ်ကြရပြီး၊ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့်လည်း လုပ်သားရှားပါးမှုပြဿနာနှင့်ကြုံနေရပြီး ကြံခုတ်ရောင်းလျှင် အရှုံးပေါ်နိုင်သောကြောင့် ယင်းဒေသခံများမှာ ဝမ်းရေးအတွက်ပင် စိုးရိမ်နေကြရကြောင်း သိရသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page