top of page

တနိုင်းပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့် တပ်ဖွဲ့များမှ တနိုင်း-လီဒိုလမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် စစ်ရေးလှုပ်ရှားမှုများတိုးမြှင့်လုပ်ဆောင်နေ

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၄ရက်၊မတ်လ၊၂၀၂၅။




ကချင်ပြည်နယ်၊ တနိုင်းလီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်ကျေးရွာတွင် တပ်စွဲနေရာယူထားသော မင်းဇင်သန့်ပြည်သူ့စစ်တပ်ဖွဲ့များမှာ ယခုရက်ပိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံများက ပြောသည်။


ပြည်သူ့စစ်တပ်ဖွဲ့များမှာ ကျေးရွာအတွင်း စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည့်အပြင် လက်နက်ကြီးများဖြင့်လည်း ဆက်တိုက်ပစ်ခတ်နေခဲ့ကြောင်းနှင့် မင်းဇင်သန့်ပြည်သူ့စစ်များမှာ ဒေသခံများ အထွတ်အထိပ်တန်ဖိုးထားသည့် ဆုတောင်းတောင်နေရာများတွင်လည်း တပ်စွဲနေရာယူထားကြောင်း သိရသည်။


ယခုကဲ့သို့ ဒေသခံများ တန်ဖိုးထားသည့် နေရာများတွင် စစ်ရေးနှင့်ပတ်သက်ပြီး တပ်စွဲနေရာယူထားသည်ကို ဒေသခံများ မလိုလားကြောင်း ကန့်ကွက်သော်လည်း ကျေးရွာအတွင်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်းများ ပိုမိုလုပ်ဆောင်လာသောကြောင့် စိုးရိမ်နေကြရသည်ဟု ဆိုသည်။


ထို့အပြင် မင်းဇင်သန့်ဦးဆောင်တပ်ဖွဲ့များမှာ တနိုင်း-လီဒိုလမ်းတစ်လျှောက်မှ ဝါရာဇွပ်၊ ရှဒူးဇွပ်၊အောင်ရာ စသည့်ကျေးရွာများတွင် စစ်အင်အားဖြည့်တင်းလှုပ်ရှားနေပြီး၊ KIAတပ်ဖွဲ့များနှင့်လည်း စစ်ရေးတင်းမာလျှက်ရှိသည်။


စစ်ကောင်စီတပ်နှင့်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များမှာ မိုးညှင်းဒေသ၊ တနိုင်း-လီဒိုလမ်းပိုင်းနှင့် မြစ်ကြီးနားအထက်ပိုင်းတွင် ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စစ်ရေးပြင်ဆင်မှုများ ခပ်စိပ်စပ်ပြုလုပ်လာခဲ့ခြင်းဖြစ်ပြီး၊ တပ်သားသစ်စုဆောင်းရေးများမကြာခဏ ပြုလုပ်နေခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page