top of page

တစ်လကျော်ကြာ ပိတ်ခံထားရသည့် ပူတာအိုဒေသမှ ဖုန်းအင်တာနက်လိုင်းများ ပုံမှန်အသုံးပြုနိုင်ပြီ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၅ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် ယမန်နေ့မှစပြီး ဖုန်းအင်တာနက်လိုင်းများ ပုံမှန်အတိုင်း ပြန်ရနေပြီး၊ ဈေးဆိုင်နှင့် ဆီဆိုင်ကြီးများပါ ပြန်ဖွင့်ကာ၊ မော်တော်ဆိုင်ကယ်များလည်း ပုံမှန်သွားလာနေကြပြီဟု ပူတာအိုဒေသခံများက ပြောသည်။


တစ်လနီးပါး ပိတ်ခံထားရသည့် ဖုန်းအင်တာနက်လိုင်း အားလုံးမှာ ယမန်နေ့ ဇွန်လ၂၄ရက်နေ့တွင် ပုံမှန်အသုံးပြုနိုင်ပြီး၊ Mytel ဆင်းကဒ်တစ်ခုသာ မရသေးကြောင်း သိရသည်။


“ဖုန်းလိုင်းတွေက မနေ့ကစပြီး အကုန်လုံး ပြန်ရပြီဟုတ်တယ်။ အင်တာနက်လိုင်းအသုံးပြုရင်တော့ လိုင်းသိပ်မကောင်းသေးဘူး။ ဆင်းကဒ်တွေလဲ Atom လိုင်းရရင် MPT မရဘူး။ MPT ရရင် Ooredoo မရပြန်ဘူး။ Ooredoo ရရင် Atom မရပြန်ဘူး။ အဲ့လိုတော့ဖြစ်နေတယ်။ Mytel ကတော့ လုံးဝမရသေးပါဘူး။” ဟု ပူတာအိုမြို့ခံတစ်ဦးက ပြောသည်။


ထို့အပြင် ပူတာအို မြို့အတွင်းမှာတော့ ဆီဆိုင်ကြီးများ အပါအဝင် ဈေးဆိုင်၊ ကုန်စုံဆိုင်အများစုမှာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ကာ ရောင်းချနေပြီး ကုန်ဈေးနှုန်းမှာလည်း ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စက်သုံးဆီ စသည့်ကုန်ပစ္စည်းများမှာ ဈေးနှုန်းလျော့ကျလာပြီဖြစ်ကြောင်း သိရသည်။


ယခင်က ၆၀၀၀ ကျပ်အထိ တက်သွားသည့် ဆားတစ်ထုပ်မှာ လက်ရှိ၁၅၀၀ကျပ်၊ သုံးသိန်းနီးပါးအထိရှိသည့် ဆန်တစ်အိတ်မှာ ရှစ်သောင်းကျပ်၊ တစ်လီတာ ငါးသောင်းဝန်းကျင်ရှိသည့် စက်သုံးဆီမှာ လက်ရှိ ရှစ်ထောင့်ငါးရာအထိ လျော့ကျသွားခဲ့ပြီး အခြားကုန်ပစ္စည်းများလည်း အနည်းငယ်လျော့ကျသွားခဲ့ကြောင်း သိရသည်။


မြစ်ကြီးနား-ပူတာအိုကားလမ်းပိတ်ပြီးနောက် မေလမှစပြီး စက်သုံးဆီပြတ်လပ်ကာ တာဝါတိုင်များ မလည်ပတ်နိုင်သောကြောင့် ဖုန်းအင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ခြင်း ဖြစ်ပြီး၊ နှစ်ဖက်တပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် ၃လ ကြာကားလမ်းပိတ်ကာ စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းများ ပြတ်လတ်ခဲ့သည့်အပြင် အမြင့်ဆုံးဈေးနှုန်းအထိ မြင့်တက်သွားခဲ့ခြင်းဖြစ်သည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page