top of page

တစ်ဖန်မြင့်တက်လာနေတဲ့ မူးယစ်ဆေးဝါး ကျေးကျွန်များ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၃ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၄ခုနှစ်။



“အာဏာမသိမ်းခင်ကတော့ ရဲတွေ ခဏခဏ လာဖမ်းလို့ ဆေးရောင်းသူနှင့် ဆေးဝယ်သူတွေ မရှိသလောက် ဖြစ်သွားတယ်။ အခုတော့ လမ်းပေါ်မှာ မမြင်ချင် အဆုံးပဲ။ ဆေးသမားတွေထဲမှာဆို အရွယ်ကောင်း အမျိုးသားတွေ အများဆုံးပဲ၊ မသန်စွမ်း တစ်ချို့လည်း ပါတယ်” လို့ ပြောလာသူကတော့ ဝိုင်းမော်မြို့ဒေသခံ ရပ်မိရပ်ဖ တစ်ဦးပဲ ဖြစ်သည်။


၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းက စပြီး တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးအရေးယူမှု မရှိတဲ့အပြင် ပတ်ဂျဆန်ကဲ့သို့သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့များကပါ တစ်ဖြည်း ဖြည်း အားလျော့လာတာကြောင့် ကချင်ပြည်သူ/ပြည်သားများ မူးယစ်ကျေးကျွန် ဘဝသို့ တစ်ဟုန်ထိုး ခုန်တက်လာခဲ့သည်။


သုံးစွဲသူများတွင် အရွယ်ကောင်း အမျိုးသားများနဲ့ သက်ကြီးရွယ်အို လူကြီးများ၊ အသက်မပြည့်သေးတဲ့ ကလေးငယ်များ၊ ဆယ်ကျော်သက် မိန်းကလေးများ အပါအဝင် အမျိုးသမီးကြီးများပါ အရွယ်စုံ ပါဝင်နေသည်ကို တွေ့ရသည်။


ကချင်ပြည်နယ် မြို့၊ ရွာ၊ ရပ်ကွက် အတော်များများရှိ လမ်းကြိုလမ်းကြား၊ လမ်းမများပေါ်တွင်ပင် ပေါ်ပေါ်ထင်ထင် အုပ်စုဖွဲ့ကာ သုံးစွဲလာကြပြီး၊ မူးယစ်ဆေး ရောင်းသူနဲ့ ဝယ်သူများမှာလည်း အကြောက်အလန့်မရှိ ပန်းသည်များ ပန်းရောင်းသကဲ့သို့ပင် ပေါ်ပေါ်ထင်ထင် ရောင်းဝယ်ဖောက်ကား လာကြသည်မှာ စိုးရိမ်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်တယ်လို့ ရပ်မိရပ်ဖတွေက ပြောသည်။




မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာသည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး၊ ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးရေးက ဆယ်စုနှစ်အတွင်း နှစ်ကြိမ်မြင့်တက်ခဲ့သည်။ ၂၀၀၀ပြည့်နှစ်နောက်ပိုင်း တဖြည်းဖြည်း လျော့နည်းလာရာမှ ၂၀၁၁ခုနှစ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ ငြိမ်းချမ်းရေး ပျက်ပြားချိန်မှစ၍ တစ်ဟုန်ထိုး ခုန်တက်လာခဲ့သည်။


“အာဏာသိမ်းပြီးနောက်ပိုင်း ဒီလမ်းတွေပေါ်မှာ ဆေးသမားတွေ ပိုများလာတယ်။ အရင်ကတော့ တစ်ယောက်တစ်လေပဲ လာတယ်၊ အခုတော့ အုပ်စုလိုက်ပဲ” လို့ ဒေသခံတွေက ပြောသည်။


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဉပဒေ စိုးမိုးရေး လျော့နည်းလာပြီး ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့နှင့် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ တွင်တွင်ကြယ်ကြယ် ဖမ်းဆီးအရေးယူမှု မရှိသောကြောင့် အသက်၁၈နှစ် မပြည့်သေးတဲ့ ကလေးငယ်၊ အမျိုးသား၊ အမျိုးသမီးများအကြား မူးယစ်ဆေးဝါး ဘိန်းဖြူ၊ WY စိတ်ကြွဆေးပြား သုံးစွဲမှုနှုန်း ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောသည်။


ကချင်ပြည်နယ် မြို့နယ်တစ်ချို့တွင်မှာ အာဏာမသိမ်းခင်ကာလက လူထုအခြေပြု အဖွဲ့အစည်းများနှင့် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ (ပတ်ဂျဆန်)များမှ အသိပညာပေး အမြင်ဖွင့်သင်တန်းများ၊ ဖမ်းဆီးနှိမ်နှင်း‌ရေးများ ပြုလုပ်ပြီး၊ မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်း လျှော့ချနေချိန် အာဏာသိမ်းပြီးနောက်ပိုင်း မလုပ်ဆောင်နိုင်တာကြောင့် ပြန်လည်သုံးစွဲမှုနှုန်းလည်း တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြန်တယ်လို့ ဒေသခံ ရပ်မိရပ်ဖများက ပြောသည်။


ယင်းအချိန်မှစ၍ ကချင်ပြည်နယ်အတွင်း နိုင်ငံရေး အကြပ်အတည်းနှင့် စီးပွားရေးချောင်လည်လာပြီး ပြည်သူများ အလုပ်လက်မဲ့ဖြစ်ကာ၊ အသက်မပြည့်‌သေးသော ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် မသန်စွမ်းများပါမကျန် သုံးစွဲလာကြခြင်း ဖြစ်သည်။


ပူတာအိုဒေသခံတစ်ဦး ပြောပြချက်အရ ပူတာအိုဒေသရှိ လူငယ်အယောက် ၁၀၀မှာ ၇၀ ရာခိုင်နှုန်းလောက်က မူးယစ်ဆေးဝါးသုံးစွဲကြပြီး၊ ယင်းထဲမှ အမျိုးသမီး သုံးစွဲမှုနှုန်းသည် ရာခိုင်နှုန်း ထက်ဝက်နီးပါးလောက် ရှိလာသည်ဟု ပြောသည်။


လူငယ်များမှာ အရေးယူဖမ်းဆီးမှု အားနည်းသောကြောင့် WY စိတ်ကြွဆေးပြားများနှင့် No.4 ဘိန်းဖြူသုံးစွဲမှုနှုန်း ပိုမိုများပြားလာကာ မိဘများအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ နောက်ထပ် မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်း မြင့်တက်လာခြင်းရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ မြစ်ကြီးနားမြို့ အပါအဝင် မြို့နယ်၊ ရပ်ကွက်တစ်ချို့တွင်မှာ ခိုးဆိုးလုယက်မှုများ ပေါ်များလာသည်ကို တွေ့ရှိရသည်။


RFA သတင်း ဖော်ပြချက်အရ မြစ်ကြီးနားမြို့မှာ ခရစ်ယာန်ဘာသာရေးအဖွဲ့တွေနဲ့ ပြည်သူလူထု ပူးပေါင်းဖွင့်ထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပြည်လည်ထူထောင်ရေး သင်တန်းကျောင်း ၃၀ လောက်ရှိပြီး ကျောင်းတစ်ကျောင်းမှာ မူးယစ်ဆေးဖြတ်သူ ၁၀၀ နီးပါး ရှိတယ်လို့ သိရသည်။


ဘယ်ချိန်ကတည်းက သုံးစွဲခဲ့ကြတာလဲ?

ကချင်ပြည်တွင် ဘိန်းကို ရိုးရာအရ သုံးစွဲမှုများ ယခင်ကာလများ ကတည်းကရှိခဲ့ပြီး ဒေသခံအများစုက ဆေးဝါးသဖွယ် အသုံးပြုနေသည့် အခြေအနေကြောင့် မူးယစ်ဆေးဝါးကို ပပျောက်အောင် နှိမ်နင်းရန် ခက်ခဲသည့်အခြေအနေ ရှိနေသည်။ တပ်မတော် အာဏာသိမ်းပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးမှုနှုန်း တဟုန်ထိုး မြင့်တက်လာတဲ့အပြင် လူငယ်လူရွယ်များ ဘိန်းသုံးစွဲမှုနှုန်းလည်း မြင့်တက်လျက် ရှိနေသည်။


“ကျမသားက ဆေးဖြတ်စခန်းက ပြန်လာပြီး ဆေးပြတ်ပြီးပြီ၊ ရပ်ကွက်ထဲမှာ ဆေးရောင်းတဲ့သူ တစ်အားပေါတော့ ကျမသားက ဆေးပြတ်ပြီး မကြာဘူး ဆေးပြန်သုံးသွားပြီ၊” လို့ မိုးညှင်းမြို့မှ ဘိန်းဖြူသုံးစွဲနေသူ၏ မိခင်တစ်ဦးက ပြောသည်။ အသင်းတော်မှ သင်းအုပ်ဆရာများ ပြောကြားချက်အရ “ဘုန်းကြီးလူထွက်ဘဲ ရှိတယ်၊ ဘိန်းစားလူထွက် မရှိဘူး” ဆိုတဲ့ စကားမှာ အမှန်ဖြစ်ပေမည်။


ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ရရှိနိုင်တဲ့ စျေးကွက်အများစုမှာ ရွှေမှော်၊ ကျောက်မှော်၊ ပယင်းမှော်၊ သစ်မှော်၊ တရုတ်တစ်ရှူး ငှက်ပျောခင်းများအပြင်၊ ရပ်ကွက်လမ်းကြိုလမ်းကြားများနဲ့ အိမ်တိုင်ရာရောက် လွယ်လင့်တကူ ရရှိနိုင်ပြီး၊ သုံးစွဲမှုနှုန်းလည်း မြင့်တက်နေဆဲ ဖြစ်သည်။


မူးယစ်ဆေးဘိန်းကို ဘယ်ဒေသတွေမှာ အများဆုံး စိုက်ပျိုးကြလဲ?

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဘိန်း အများဆုံးစိုက်ပျိုးရာ နေရာမှာ ဝိုင်းမော်မြို့နယ်ထဲမှ ဆဒုံး၊ ဝေမိုး၊ ကန်ပိုင်တည်ဒေသအပြင် ချီဖွေမြို့နယ် နယ်စပ်တစ်ကြောဒေသနှင့် တနိုင်းဒေသတို့ ဖြစ်သည်။ ထို့အပြင် ဖားကန့်ဒေသ၊ ဆွမ့်ပရာဘွမ်ဒေသနှင့် ပူတာအိုမြို့နယ် ဒေသတို့မှာလည်း စိုက်ပျိုးကြသည်။


ကချင်ပြည်နယ်တွင် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ - ၂၀၁၄ ခုနှစ်မှာ မူးယစ်ဆေးဘိန်း အများဆုံး စိုက်ပျိုးရာသီ ဖြစ်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် အစိုးရအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများနှင့် ပတ်ဂျဆန်ကဲ့သို့သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့များကလည်း အရှိန်အဟုန်ထိုး ကြိုးပမ်းဆောင်ရွက်လာခဲ့သဖြင့် ၂၀၁၉ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုမှာ သိသိသာသာ လျော့နည်းလာခဲ့သည်။


The ELEVEN သတင်းဖော်ပြချက်အရ ဘိန်းဖျက်ဆီးသည့် ဧကများလည်း နှစ်စဉ် တိုးတက်လာခဲ့ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်ဘိန်းစိုက်ရာသီတွင် ၆၁၈ ဧက၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၄၉၂ ဧက၊၂၀၁၄-၂၀၁၅ ခုနှစ် တွင် ၁၃၂၂ ဧက၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဘိန်းစိုက်ဧက ၃၈၀၇ ကျော်၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၅၅ ဧကကျော် ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။


ယမန်နှစ်က မြစ်ကြီးနား ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြောကြားချက်အရ ကချင်ပြည်နယ်အတွင်း ၂၀၂၂ခုနှစ်မှ ၂၀၂၃ခုနှစ် မေလအထိ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အမှုပေါင်း (၁၀၁၁)ခု၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၂၄၃၆၄.၄၈၅သိန်းကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ဘိန်းစိုက်မျိုးမှု (ဘိန်းခင်း) ၈၀.၅ဧကကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။


၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက် နိုင်ငံတော် အာဏာသိမ်းခံရပြီး၊ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုနှုန်း ချက်ချင်း ပြန်တက်လာခဲ့သည်။


တစ်ဖက်မှာလည်း ဘိန်းစိုက်ပျိုးမှုနှုန်း တစ်ဟုန်ထိုး တက်လာခဲ့ပြီး သုံးစွဲသူ လူငယ်များကြား မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်းသည် ချက်ချင်းဆိုသလိုပင် တိုးတက်လာခဲ့ပြန်သည်။ ထို့ကြောင့် ဘိန်းစိုက်ပျိုးမှုနှုန်း မြင့်တက်လာသည်နှင့်အမျှ ဒေသခံအများစုက လူငယ်လူရွယ်များ ဘိန်းသုံးစွဲမှုနှုန်း မြင့်တက်လာမည်ကို စိုးရိမ်နေကြသည်။


တရုတ်နယ်စပ်တစ်ကြောဒေသရှိ ဘိန်းစိုက်ပျိုးမှုအတွက် ဩဂုတ်လဆန်းပိုင်းမှ စပြီး ခုတ်ထွင် ရှင်းလင်းရသည်။ တောင်ကုန်းပေါ်မှာ လှေကားထစ်စနစ်ဖြင့် စိုက်ပျိုးကာ၊ တောင်ကျရေမှ ရေဖျန်းသည့်စနစ်ဖြင့် စိုက်ပျိုးနိုင်သည်။ ထို့နောက် စိုက်ပျိုးမှုအတွက် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး၊ လေးလအကြာတွင် ဘိန်းအစေးကို ခြစ်ယူရသည်။ တနိုင်းဒေသထွက် ဘိန်းမှာ အစေးအဖြစ် မရဘဲ အရည်ပြစ်သာ ရတာကြောင့် ပိတ်စဖြင့် ခံကာ စုဆောင်းရသည်။


ကချင်ပြည်နယ်တွင် ဂျိန်းဖေါ့ဘာသာစကားဖြင့် ဆဒုံးဒေသထွက် ဘိန်းကို “ကာနီကျန်” ဘိန်းမည်းဟု ခေါ်ပြီး တနိုင်းဒေသထွက် ဘိန်းအရည်ကို ပိတ်စဖြင့် ခံကာ စုဆောင်းရတာကြောင့် “ဆွမ်ပန်” ပိတ်စဘိန်းဟု ခေါ်ဝေါ်ကြသည်။


ဘယ်လိုလမ်းကြောင်းကနေ ရောက်ရှိလာတာလဲ?

ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု များစွာတွေ့မြင်နေရသော်လည်း မူးယစ်တားဆီးရေးအဖွဲ့၏ မှတ်တမ်းအရ ကချင်ပြည်နယ်တွင် အခြေစိုက်သည့် ဓာတုမူးယစ် ထုတ်လုပ်သည့် အထောက်အထား မရှိကြောင်း သိရသည်။ တရုတ်နယ်စပ်တစ်ကြောမှထွက်သည့် ဘိန်းများကို ရှမ်းပြည်ဘက်သို့ သယ်ဆောင်ကာ ဘိန်းဖြူအဖြစ် ချက်လုပ်ရသည်။


ကချင်ပြည်နယ်အတွင်းသို့ ဝင်ရောင်လာသော အဓိက မူးယစ်ဆေးဝါးလမ်းကြောင်း ခြောက်ခု ရှိသည်။ ဘိန်းဖြူ၊ ဘိန်းမည်း၊ စိတ်ကြွဆေး အုပ်စုများမှာ ရှမ်းပြည်နယ်ထွက်သော ကွတ်ခိုင်-နန်းခမ်း-ဗန်းမော်-ဝိုင်းမော်-မြစ်ကြီးနားမှ ဖားကန့် လမ်းကြောင်းနဲ့ လွယ်ဂျယ်-ဗန်းမော်-ဝိုင်းမော်-မြစ်ကြီးနား-ဖားကန့် လမ်းကြောင်းအဖြစ် ဝင်ရောက်လာသည်။


ထို့အပြင် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းမှ ဝင်ရောက်လာသည့် မူးယစ်ဆေးဝါးများမှာ စစ်ကိုင်း-အင်းတော် မြို့ကိုဖြတ်၍ မိုးညှင်း- မိုးကောင်း-ဖားကန့်လမ်းကြောင်း၊ မူဆယ်မြို့မှ တရုတ်ပြည် ရွှေလီကိုကူး၍ ရွှေလီ- ကန်ပိုင်တီ-ဝိုင်းမော်-မြစ်ကြီးနား-ဖားကန့်လမ်းကြောင်း အဖြစ် တင်သွင်းသည်။


ဘိန်းစိမ်းကို အများဆုံး သယ်ဆောင်သည့် ချင်းတွင်းအထက် ဟုမ္မလင်းမှ ဆယ်ဇင်း-တာမခံ-ဖားကန့်လမ်း ကြောင်းနှင့် ဆဒုံး-ဝိုင်းမော်-မြစ်ကြီးနား-ဖားကန့် လမ်းကြောင်းတို့ ဖြစ်သည်။


၂၀၂၂ ခုနှစ်မှာဆိုရင် လမ်းကြောင်းသစ် အနေဖြင့် ဝန်းသိုမှ ကောလင်း-ပင်လည်ဘူး- ဖောင်းပြင်လမ်းမှ ကျောက်စိမ်းမှော်၊ ရွှေမှော်၊ ပယင်းမှော်များထံသို့ ပို့ဆောင်သည့် လမ်းကြောင်းသစ်များလည်း ထပ်တိုးနေကြောင်း ကသာခရိုင် ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။


ခေတ်လူငယ်နဲ့ မူးယစ်ဆေးဝါး

မူးယစ်ဆေးဝါးဆိုသည်မှာ သုံးစွဲမိသောသူအတွက် စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုများကို ဖြစ်စေတတ်ပြီး အရှည်သဖြင့် စွဲလမ်းခြင်း၊ စိတ်အာရုံထွေပြားခြင်း၊ စိတ်ကျန်းမာရေး ထိခိုက်ပျက်ပြားစေခြင်း စသော ဂုဏ်သတ္တိရှိသည့် အရည်သော်လည်းကောင်း၊ အမှုန့်သော်လည်းကောင်း၊ အစိုင်အခဲ (ဆေးပြား) သော်လည်းကောင်း ဆိုလိုသည်။


မူးယစ်ဆေး သုံးစွဲထားသူများသည် ဆေးအာနိသင်ပြချိန်တွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အားဖြင့် သာမန် မသုံးစွဲသော သူများထက် သာလွန်နေသည်ဟု မြင်တတ်ကြပြီး၊ ဆေးအရှိန်ပြယ်ချိန်တွင် စိုးရိမ်ခြင်း၊ ထိတ်လန့်နေခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် အားအင်ကုန်ခမ်းခြင်း၊ အစာမစားနိုင်ခြင်းတို့ကို အချိန်ကြာမြင့်စွာ ခံစားရမည်ဖြစ်သည်။

(Souce - Wikipedia)


မူးယစ်ဆေးဝါးသည် ရှေးအကျဆုံးသော ဆေးဝါးတစ်မျိုးဖြစ်ပြီး လူငယ်များ အသုံးများဆုံးသော မူးယစ်ဆေးသည် ဆေးခြောက်ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ယနေ့ခေတ် လူငယ်များသည် ဘိန်းဖြူ၊ ဆေးခြောက်အပြင် WY စိတ်ကြွဆေးပြားများ၊ ECSTASYဆေး စသည်တို့ကို ပို၍ အသုံးများလာသည်ကို တွေ့ရှိရသည်။


ကချင်ပြည်တွင် မူးယစ်ဆေးဘိန်းကို ရိုးရာအရသော်လည်းကောင်း၊ ရိုးရာနတ်ကျော့ပွဲ များတွင်လည်းကောင်း သုံးစွဲမှုများ ယခင်ကတည်းက ရှိခဲ့ပြီး ခေတ်အဆက်ဆက် သုံးစွဲခဲ့ကြရာ ၂၀၀၀ခုနှစ်တွင် ဘိန်းထည့်သွင်းမှုကို ရိုးရာခေါင်းဆောင်များနှင့် ဘာသာရေး ခေါင်းဆောင်များက တားမြစ်ကာ ပယ်ဖျက်ခဲ့သည်။


လူငယ်များပီပီ မူးယစ်ဆေးဝါးကို စူးစမ်းလိုစိတ်၊ စမ်းသပ်လိုစိတ်နှင့် ပို၍ကောင်းမွန်သော စိတ်ခံစားချက်ကို ရရှိလိုစိတ်များကြောင့် စမ်းသပ်ကာ မူးယစ်သားကောင်အဖြစ် ရောက်ရှိခဲ့ကြသည်။ “မူးယစ်အစ ဆေးလိပ်က” ဆိုသည့် စကားအတိုင်း လူငယ်များမှာ အသင်းအဖွဲ့ဖွဲ့ကာ အုပ်စုလိုက် စမ်းသပ်ကြပြန်သည်။


ထို့ကြောင့် ယနေ့ခေတ် အသက်မပြည့်သေးသော ကျောင်းသားများနှင့် လူငယ်များအကြား စိတ်ကြွဆေးပြားများ သုံးစွဲခြင်းမှာ အရသာတစ်ခုအဖြစ် ထင်ကျန်စွဲသုံးနေကြသည်။


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း တရားဥပဒေ စိုးမိုးရေးမရှိဘဲ ကေတီဗွီများ၊ နိူက်ကလပ်များ၊ ဘားများ၊ ပါတီပွဲများ စသည့် နေရာများတွင် လွယ်ကူစွာ ရရှိနိုင်သကဲ့သို့ မူးယစ်တိုက်ဖျက်ရေး အဖွဲ့အစည်းများကပင် အားလျော့လာတာကြောင့် လူငယ်များကြား မူးယစ်ဆေး သုံးစွဲမှုနှုန်းမှာ သိသိသာသာ တိုးတက်လာခြင်း ဖြစ်သည်။


အာဏာသိမ်းပြီးအလွန်မှ စပြီး ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများမှာ ယခင်ထက် ၃၅% ခန့် တိုးမြင့်လာခဲ့ပြီး ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပြန်လည်ထူထောင်ရေးစခန်း ၁၈၀ ကျော်ခန့်ရှိကြောင်း လေ့လာတွေ့ရှိချက်အရ သိရသည်။


ပူတာအိုဒေသတွင် မူးယစ်ဆေး သုံးစွဲသူ လူငယ် စုစုပေါင်း အယောက်၁၀၀၀ကျော်လောက်ရှိပြီး အမျိုးသမီး သုံးစွဲမှုနှုန်းမှာ ထက်ဝက်နီးပါးလောက်ရှိလာတယ်လို့ မူးယစ်တိုက်ဖျက်ရေး လှုပ်ရှားသူတစ်ချို့က ပြောသည်။


ထို့အပြင် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း တရာဉပဒေ စိုးမိုးရေးမရှိခြင်းနှင့် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့များ အားလျော့လာခြင်းကြောင့် လူငယ်အယောက်၁၀၀မှာ ၇၀ရာခိုင်နှုန်းသည် မူးယစ်ဆေးဝါး သုံးစွဲဖူးကြပြီး အသက်မပြည့်သေးသည့် ကလေးငယ်များလည်း ပိုမိုများပြားလာခဲ့သည်။


လူငယ်လူရွယ်များ ဘိန်းသုံးစွဲမှုနှုန်း မြင့်မားနေခြင်းသည် နောင်တစ်ချိန် တိုင်းပြည်ကံကြမ္မာ၏ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်ပြီး ဘေးထွက်ဆိုးကျိုးအဖြစ် HIVနဲ့AIDS ပြသနာများ၊ လူကုန်ကူးမှု ပြသနာများ၊ ခိုးဆိုးလုယက်၊ ဓားမြတိုက်မှု ပြသနာများ နေ့စဉ် တိုးတက်လာမည်ကို စိုးရိမ်ကြရပေမည်။


ကမ္ဘာသည် ၁၉၈၇ ခုနှစ်တွင် ကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးက နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ကို ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက် ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။


မြန်မာနိုင်ငံတွင်လည်း နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် ကျင်းပခဲ့ကြပြီး မူးယစ်ဆေးဝါးဆန့်ကျင်မှုများကို လုပ်ဆောင်လျက် ရှိသည်။


ထို့ကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးမရှိဘဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းမှာ သဲထဲရေသွန်မျှသာ ဖြစ်ပေမည်။ ထို့အတူ ကချင်ပြည်နယ်တွင်လည်း နှစ်စဉ် ဇွန်လ ၂၆ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ကို အသိအမှတ်ပြုခြင်းအားဖြင့် မူးယစ်ဆေးဝါး ဆန့်ကျင်မှုကို အထောက်အကူပြုသည့် လှုပ်ရှားမှုများ၊ အသိပညာပေးမှုများ အစဉ်လုပ်ဆောင်နေရပေမည်။ မူးယစ်ဆေးဝါးသည် လူသားတိုင်း၏ ဘုံရန်သူဖြစ်သောကြောင့် တစ်ချိန်ချိန်တွင် ပပျောက်၊ လျော့ပါးသွားအောင် ကြိုးစားရမည်မှာ လူသားတိုင်း၏ တာဝန်ဖြစ်ပါသည်။








Comments


Pajau Media

Thanks for subscribing!

bottom of page