ပါဂျောင်မီဒီယာ။
၅ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နှင့် ကြက်ပေါင်ခြံရပ်ကွက်ရှိ လမ်းကြိုလမ်းကြားတို့တွင် မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ်သုံးစွဲနေကြပြီး၊ သုံးစွဲပြီးသား ဆေးထိုးအပ်များကိုလည်း စနစ်တကျမဟုတ်ပဲ လမ်းပေါ်စွန့်ကြဲပစ်ထားကြသည်ဟု မြစ်ကြီးနားမြို့ခံများက ပြောသည်။
“ရဲစခန်းထိတိုင်တယ်။ ဒါပေမဲ့ အရေးမယူတော့ သုံးတဲ့သူတွေလည်းပေါ်တင်သုံးပြီး အပ်တွေကိုလည်း ဒီတိုင်းပစ်ထားကြတာ၊ တစ်ချို့က မြေမြှုပ်ကြပေမဲ့ သေချာမမြှုပ်တော့ ပြန်ပြန်ပေါ်လာတယ်။ လုယက်တာတို့ ဓားပြတိုက်မှုတွေထိ ဆိုးလာတယ်” ဟု မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မူးယစ်ဆေးသုံးစွဲသူများမှာ လမ်းမပေါ်တွင် ပေါ်ပေါ်ထင်ထင် သုံးစွဲနေကြပြီး၊ ညနေခင်းအချိန်နှင့် ည၈နာရီဝန်းကျင်အချိန်များတွင် သုံးစွဲသူပိုမိုများပြားကာ အုပ်စုလိုက် သုံးစွဲကြကြောင်းနှင့် ရံဖန်ရံခါ နေ့ခင်းအချိန်တွင်လည်း သုံးစွဲသူများရှိကြောင်းပြောသည်။
“လမ်းတွေမှာ ဒီတိုင်းသုံးနေကြတာ။ ညနေခင်းအချိန်တွေနဲ့ ညဘက်အချိန်၇နာရီ၈နာရီတွေမှာ ပိုများတယ်။ အစုလိုက်အပုံလိုက် လမ်းတွေနဲ့ ခြံအလွတ်တွေမှာ ပေါ်တင်ကြီး ထိုးနေကြတယ် “ဟု ပြောသည်။
ထိုသို့ မူးယစ်ဆေးဝါးသုံးစွဲနေသူများမှာ အများအားဖြင့် အသက်၂၀ကျော်မှ ၃၀ ဝန်းကျင်သာရှိပြီး သုံးပြီးသားအပ်များကိုလည်း လမ်းပေါ်တွင် လက်လွတ်စပယ် ပစ်ထားကြသည်။ ဒေသခံများမှာ ရဲစခန်းထိတိုင်ကြားမှုရှိသော်လည်း အရေးဆောင်ရွက်ခြင်းမရှိသောကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှုမှတစ်ဆင့် လုယက်မှု၊ ဓားပြတိုက်မှုအထိ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။
မြစ်ကြီးနားမြို့ရှိ ရပ်ကွက်တိုင်းတွင် မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် ရောင်းဝယ်သူများ ပိုမိုများပြားလာသည့်အပြင် ဘိန်းဖြတ်ဆေးရုံတွင်လည်း မက်သဒုန်းထုတ်စားသူများ ယခင်ထက် ပိုမိုများပြားလာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
သတင်း - ဖရိန်း
Comments