တောတောင်ကြား စစ်ပြေးရှောင်နေရသည့် လဝါးကျေးရွာဒေသခံများ ကျန်းမာရေးနှင့် အစားအသောက် ခက်ခဲလာ
- Pajau Media
- Apr 4
- 1 min read
ပါဂျောင်မီဒီယာ။
၄ရက်၊ဧပြီလ၊၂၀၂၅။
စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်နေရာယူလာသောကြောင့် တောတောင်သို့ ထွက်ပြေးစစ်ရှောင်နေရသည့် လဝါးကျေးရွာ ဒေသခံများထဲမှ ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများ ကျန်းမာရေးဆိုးရွားလာသဖြင့် စစ်ရှောင်နေရာ ပြောင်းရွှေ့နေထိုင်မည်ဖြစ်ကြောင်း လဝါးစစ်ရှောင်များ ပြောပြချက်အရ သိရသည်။
“လဝါးရွာက ဒေသခံတွေအကုန် စစ်ရှောင်သွားကြတာဟုတ်တယ်။ ရွာမှာက အိမ်စောင့်လောက်ပဲ ကျန်တော့တယ်။ အခုကျနော်တို့ လဝါးမဂေါင်တောင်ရွာသားတွေက တစ်ပတ်ကြာလောက် တောထဲမှာ ထွက်ပြေးနေကြတာ။ ကြာလာတော့ ကလေးတွေ၊ သက်ကြီးပိုင်းတွေက ကျန်းမာရေးဆိုးလာတဲ့အပြင် အစားအသောက်တွေလဲ ခက်ခဲလာတာကြောင့် ရွာဘက်ကို ပြန်ထွက်ပြီး နမ္မတီး၊ဝါအောင်ရွာဘက် ပြန်ပြောင်းဖို့ ပြင်ဆင်နေကြတယ်။” ဟု လဝါးစစ်ရှောင်တစ်ဦး ပြောပြချက်အရ သိရသည်။
စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များမှာ မတ်လ ၃၁ရက်နေ့ကတည်းက လဝါးကျေးရွာဘက်သို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်နေရာယူလာခြင်းကြောင့် ဒေသခံများမှာ တောတောင်ကြားထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသလို အချို့ဒေသခံများမှာ နမ္မတီး၊ မိုးကောင်းဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။
ဒေသခံများ ပြောဆိုချက်အရ လက်ရှိမှာတော့ လဝါးကျေးရွာအတွင်း ခိုအောင်းနေသည့် စစ်တပ်ပူးပေါင်းတပ်ဖွဲ့များကို KIAတပ်ဖွဲ့များက ပြီးခဲ့သည့် ဧပြီ ၂ရက်နေ့တွင် တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့ပြီးဖြစ်သလို ဒေသခံများလည်း တောတောင်အတွင်း ပိုမိုခက်ခဲလာသောကြောင့် ကျေးရွာဒေသဘက်သို့ ရွှေ့ပြောင်းနေထိုင်ရန် ပြင်ဆင်လာခြင်း ဖြစ်ကြောင်းသိရသည်။
လဝါးကျေးရွာတွင် ဒေသခံအိမ်ခြေတစ်ထောင်နီးပါးရှိပြီး လက်ရှိတောတောင်အတွင်း ထွက်ပြေးနေထိုင်သူများမှာ ကျန်းမာရေးအပြင် အစားအသောက်၊ အမိုးအကာနှင့် အခြားလိုအပ်ပစ္စည်းများ အရေးတကြီး လိုအပ်နေကြောင်းလည်း ထပ်မံသိရသည်။
သတင်း - ပီလမ့်အူ
Comments