ပါဂျောင်မီဒီယာ
၈ ၊ ၈၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_ba0870cc0ddc4602bf401f5a38b59db2~mv2.jpg/v1/fill/w_259,h_194,al_c,q_80,enc_auto/c187ce_ba0870cc0ddc4602bf401f5a38b59db2~mv2.jpg)
ကချင်ပြည်နယ်၊ ပူတာအို အရှေ့ဘက်ခြမ်းဒေသရှိ ဒေသခံများမှာ တောင်ယာလုပ်ငန်းကို စားဝတ်နေရေးအတွက် အဓိကလုပ်ငန်းအဖြစ် လုပ်ကိုင်စားသောက်ကြပေမယ့် ယခုနှစ်တွင် ကြွက်ဖျက်စီးခံရနှုန်း မြင့်တက်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
“ဒီဘက်ဒေသတွင်မှာက တောင်ယာလုပ်ငန်းကလွှဲပြီး တစ်ခြားလုပ်ကိုင်စားသောက်စရာ မရှိဘူး။ အခုချိန်ဆို စပါးစေ့တွေတောင် ထွက်နေပြီ။ တောကြက်လေးတွေ အများကြီးလာစားကြတာကို ကြွက်တွေကပါ အများကြီးဖျက်စီးလိုက်တော့ စိတ်ဓာတ်ကျမိတယ်။ တောကြက်ကိုတော့ မောင်းထုတ်လို့ရတယ်။ ကြွက်ကိုတော့ ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် မောင်းထုတ်လို့ မရဘူးဖြစ်နေတယ်။ ကြွက်ထောင်ချောက်ဆင်ဖို့လည်း ပစ္စည်းတွေက ပူတာအိုမြို့အထိ သွားဝယ်ရတယ်။ သွားဝယ်ရအောင်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ မသွားနိုင်ဘူး။” ဟု ယင်းဒေသမှ တောင်သူတစ်ဦးက ပြောသည်။
တောင်ယာစပါးများကို ကြွက်ဖျက်စီးခံရမှုနှုန်းမှာ ယခင်နှစ်များထက် ပိုမိုများပြားသည့်အပြင် တောင်ယာစိုက် အသီးအနှံများအားလုံးကိုလည်း ဖျက်စီးနိုင်သောကြောင့် ယခုနှစ်တွင် ပိုမိုခက်ခဲလာနိုင်ကြောင်းနှင့် နှစ်စဉ်နှစ်တိုင်း တောင်ယာစပါး အထွက်နှုန်းလည်း နည်းသထက်နည်းလာကြောင်း သိရသည်။
ထို့ကြောင့် ပူတာအိုအရှေ့ဘက်ခြမ်းရှိ ဒိန်ချပ်ကျေးရွာ၊ ဒိန်ဂါကျေးရွာနှင့် မရွတ်ကျေးရွာ စသည့်ဒေသများတွင် ယခုနှစ်ကဲ့သို့ တောင်ယာစပါးများ ကြွက်ဖျက်စီးမခံရတာ နှစ်အတော်ကြာခဲ့ပြီး၊ ယခင်နှစ်တွင်မှာတော့ အင်ဂျန်းယာန်မြို့နယ်ဒေသတွင်း အဆိုးဆုံးဖြစ်ခဲ့သည်ဟု ဆိုသည်။
အထက်ပါ ကြွက်ဖျက်စီးခံရသည့် ကျေးရွာများမှာ ပူတာအိုမြို့မှ အစွန်ဆုံးဒေသတွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် မိုးတွင်းကာလ မိုးရေများသောကြောင့် တောင်ပြို၊ကမ်းပြိုကာ ဆိုင်ကယ်ခရီးသွားရန်ပင် အလွန်ခက်ခဲသည့် ဒေသများဖြစ်သည်။
ထို့အပြင် ဆား၊ဆီ အခြားအိမ်သုံးပစ္စည်းများနှင့် အစားအစာအများစုကို မြို့တွင်းမှ ဝယ်ယူသုံးစွဲနေရပေမယ့် လက်ရှိ ပူတာအိုမြို့တွင် ဖြစ်ပွားနေသည့် ကုန်ဈေးနှုန်းမြင့်တက်မှု၊ အစာပြတ်အခက်အခဲ ပြဿနာများကြောင့် ယခင်နှစ်များထက် ပိုမိုခက်ခဲနေကြကြောင်း သိရသည်။
Comentários