ပါဂျောင်မီဒီယာ။
၁၁ရက်၊နိုဝင်ဘာ၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_26c7ab755fb644afbb83c5411cea36ca~mv2.jpg/v1/fill/w_720,h_540,al_c,q_85,enc_auto/c187ce_26c7ab755fb644afbb83c5411cea36ca~mv2.jpg)
နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ယာယီပိတ်ပင်ထားခဲ့သည့် မြစ်ကြီးနား-မန္တလေးသွား အင်းတော်မြို့ပတ် ကွင်းလမ်း ပုံမှန်အတိုင်း ပြန်လည်သွားလာနေပြီဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။
စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်လာသောကြောင့် မြစ်ကြီးနား-မန္တလေးကားလမ်း ပိတ်ထားချိန်မှစပြီး အသုံးပြုနေသည့် အင်းတော်မြို့ပတ် ကွင်းလမ်းကို နိုဝင်ဘာ ၁ရက်နေ့မှစတင်ကာ စစ်တပ်ဘက်မှ ယာယီထပ်မံ ပိတ်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အင်းတော်မြို့ပတ် ကွင်းလမ်းကို ပိတ်ထားရခြင်းမှာ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြန်လည် ပြင်းထန်လာခြင်းကြောင့် ဖြစ်ပြီး၊ နိုဝင်ဘာ၇ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၇ရက်နေ့မှစပြီး ပိတ်ပင်ထားခဲ့သည့် မြစ်ကြီးနား-မန္တလေးသွား မိန်းကားလမ်းမကြီးကို နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များက အသွားအလာပိတ်ပင်လိုက်ပြီးနောက် အင်းတော်မြို့ပတ် ကွင်းလမ်းကို အသုံးပြုနေသည်မှာ ယခုအချိန်ထိဆိုလျှင် ၄လနီးပါး ကြာမြင့်လာပြီဖြစ်သည်။
ကားလမ်းပိတ်ပြီးနောက် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းများ အားလုံးရပ်တန့်သွားခဲ့သောကြောင့် မြစ်ကြီးနားဒေသအတွင်း အချို့ကုန်ပစ္စည်းများ ပြတ်တောက်သွားသည့်အပြင် ဈေးနှုန်းပါ မြင့်တက်သွားခဲ့ပြီး၊ မြစ်ကြီးနား-မန္တလေးသွား အင်းတော်မြို့ပတ်လမ်းကိုလည်း ရံဖန်ရံခါ စစ်ရေးအရ ယာယီပိတ်ပင်ခြင်းမျိုး မကြာခဏရှိတတ်ကြောင်း ကားသမားများ ပြောဆိုချက်အရ သိရသည်။
လက်ရှိ မြစ်ကြီးနားမှ မန္တလေးသို့ အသွား ကားခမှာ တစ်သိန်းသုံးသောင်းမှ တစ်သိန်းခွဲအထိ ရှိနေပြီး၊ မန္တလေး-ဖားကန့်သွား ကားခမှာ ခေါင်းခန်းလျှင် သုံးသိန်းခွဲဖြစ်ပြီးနောက်ခန်းတွင် သုံးသိန်းဖြင့် ပြေးဆွဲနေကြောင်း သိရသည်။
Komentarji