top of page

တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် စစ်ရှောင်နေကြရသောဆွမ်ပီယာန်ဒေသခံများ (၉)လကျော်ကြာမြင့်လာသဖြင့် အခက်အခဲဖြစ်လာ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၁၃ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။





ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာအုပ်စုမှ ဒေသခံများ ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းသို့ ကိုယ်ထူကိုယ်ထ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ (၉)လတိတိ ကြာမြင့်လာခဲ့ပြီဖြစ်သည့်အပြင် နေရာအထိုင်အခင်း၊ သောက်ရေသန့်နှင့် ဆေးဝါးပစ္စည်း အကူအညီလိုအပ်ချက်များ ရှိနေခြင်းကြောင့် နေရပ်ရင်းကို အမြန်ဆုံးပြန်နေချင်ကြောင်း စစ်ရှောင်များ ပြောပြချက်အရ သိရသည်။


ဒေသခံများမှာ စစ်ဖြစ်ခြင်းမရှိဘဲ ဆွမ်ပရာဘွမ့်မြို့သိမ်း တိုက်ပွဲအခြေအနေကြောင့် ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းသို့ တိမ်းရှောင်နေခဲ့ရပြီး အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ အဘက်ဘက်မှ အခက်အခဲရှိလာသဖြင့် နေရပ်ရင်းကို ယခင်အတိုင်း ပြန်လည်အခြေချ နေထိုင်ချင်လာကြောင်း ပြောသည်။


“အခု ရွာသူရွာသားတွေရဲ့စိတ်က နေရပ်ရင်းကို အမြန်ပြန်ချင်နေပြီ။ တစ်ခြားစစ်‌ရှောင်ရွာတွေလို ရွာပျက်၊ အိုးအိမ်ပျက်စီးယိုယွင်းလို့ ရွာပျက်မှာကို စိုးရိမ်နေကြတာ၊ ရွာကို အမြန်ပြန်ချင်နေကြတဲ့စိတ်၊ ရွာမှာ စစ်သားတွေ မရှိတော့ရင်၊ ရန်သူမရှိတော့ဘူးဆိုရင်၊ အိမ်ပြန်လို့ရရင်ပေါ့ အမြန်ပြန်ချင်နေကြတာ သက်ကြီးရွယ်အိုတွေကော အားလုံးက ရွာကိုပဲပြန်ချင်နေကြတယ်” ဟု ဖုန်ငိုင်ယာန်စစ်ရှောင်တစ်ဦးက ပြောသည်။


ဆွမ်ပီယာန်အုပ်စုမှ အင်စီယာန်ကျေးရွာ၊ ဝဒတ်ကျေးရွာတို့သည် ဆွမ်ပရာဘွမ်မြို့ နယ်စပ်တွင် တည်ရှိကာ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲအတွင်း ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ရက်နေ့တွင် ၉လတိတိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။


“အစကျွန်တော်တို့ တိမ်းရှောင်တာက ဆွမ်ပီယာန်၊ အင်စီယာန်၊ ဝဒတ်ရွာတွေက ဆွမ်ပရာဘွမ်မြို့နယ် နယ်စပ်မှာရှိတာ၊ အဲ့ကြောင့် ဆွမ်ပရာဘွမ်မြို့တိမ်းတိုက်ပွဲကြောင့်၊ ခနရှောင်နေတာ၊ တောမှာဆောက်ထားတဲ့ တဲအိမ်မှာခနရှောင်နေရာကနေ တော်လှန်ရေးတပ်ဖွဲ့ဘက်က မင်းတို့ တစ်ပတ်အတွင်း ရှောင်ရမယ် ကျွန်တော်တို့ အဲ့ဘက်မှာ စစ်ရေးလုပ်ရှားမှုရှိမယ်ဆိုလို့ ရှောင်လိုက်တာ၊ ခုချိန်ထိ စစ်ရေးလုပ်ရှားမှုလည်းမရှိဘူး၊ တိုက်ပွဲလည်းမရှိဘဲနဲ့ ရွာကနေရှောင်နေရတဲ့ အခြအနေဟုတ်တယ်။” ဟု အထက်ပါ စစ်ရှောင်က ဆက်ပြောသည်။


လက်ရှိ စစ်ရှောင်စခန်းအတွင်း မိုးကာတဲအိမ်များ ယိုယွင်းပျက်စီးလာခြင်း၊ ချောင်းရေများ ခမ်းလာခြင်း၊ အမိုးအကာ အထိုင်အခင်းများ ပေါက်ပြဲကာ ခက်ခဲလာခြင်းများ ကြုံတွေ့နေရပြီး၊ ကျန်းမာရေးအတွက် လိုအပ်သည့် ဆေးဝါးပစ္စည်းများလည်း အရေးတကြီးလိုအပ်နေသည်ဟု ဆိုသည်။


စစ်ရှောင်များမှာ စစ်ရှောင်ကာလ ကြာမြင့်လာသည်နှင့်အမျှ အစစအရာရာ ခက်ခဲလာသောကြောင့် နေရပ်ရင်းတွင် လုံခြုံရေးအတွက် စိုးရိမ်စရာ မရှိတော့သည့်အချိန် ယခင်အတိုင်း အမြန်ဆုံး ပြန်လည်အခြေချ နေထိုင်လိုကြောင်း ပြောသည်။


ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းတွင် ဆွမ်ပီယာန်၊ အင်စီယာန်နှင့် ဝဒတ်ကျေးရွာရှိ အိမ်ခြေ(၂၄၅)အိမ်မှ အမျိုးသား (၆၂၅)၊ အမျိုးသမီး(၆၃၈) စုစုပေါင်း လူဦးရေ (၁၂၆၃)ဦးအထိ နေထိုင်ကြသည်။


သတင်း - CJ


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page