ပါဂျောင်မီဒီယာ
၂၂ရက်၊မေလ၊၂၀၂၄ခုနှစ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲပြင်းထန်လာသောကြောင့် ဝိုင်းမော်မြို့အပါအဝင် ကျေးရွာဒေသအသီးသီးမှ ပြည်သူများထောင်ချီ ယမန်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြပြီဟု သိရသည်။
“ဝိုင်းမော်က ပြည်သူတွေ ထွက်ပြေးကြတာ၊ မြစ်ကြီးနားဘက် ထွက်ပြေးကြတဲ့ ပြည်သူတွေ ဒီနေ့ ဗလမင်းထင်တံတားမှာဆို တန်းစီနေတာပဲ။ ကားတန်းအရှည်ကြီးနဲ့ တန်းစီနေတာ၊ ခုက တော်တော်များများ တိမ်းရှောင်ကြပြီ ထင်တယ်။” ဟု မြစ်ကြီးနား ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
လက်ရှိတွင် ဝိုင်းမော်မြို့အနီးဝန်းကျင်အတွင်း လက်နက်ကြီးသံများ ညစဉ် အဆက်မပြတ်ကြားနေရသည့်အတွက် အချို့မှာ ယမန်နေ့ကတည်းက စတင်တိမ်းရှောင်နေကြပြီး၊ ယနေ့မှာလည်း ထပ်မံထွက်ပြေးတိမ်းရှောင်နေကြဆဲ ဖြစ်သည်။
မေလ၁၈ရက်နေ့မှစပြီး ခမရ ၃၂၁ တပ်စခန်းအပါအဝင် ကျန်ရှိနေသေးသည့် ဝိုင်းမော်-လိုင်ဇာလမ်းမပေါ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က ဒုတိယအကြိမ် တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၂ရက်တာအတွင်း စစ်ရေးအရ အရေးပါသည့် ခမရ ၃၂၁ တပ်စခန်း အပါအဝင် တပ်စခန်းအချို့ကို KIA က အပြီးတိုင် သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း မြစ်ကြီးနား အမြောက်တပ်နှင့် ဝိုင်းမော် ၅၈တပ်မှ လက်နက်ကြီးများ ညစဉ် အဆက်မပြတ် ပစ်ခတ်နေခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု ဆိုသည်။
ယင်းကဲ့သို့ နှစ်ဖက် တိုက်ပွဲမှာ ဝိုင်းမော်မြို့ပေါ်သို့ ဦးတည်ကာ ပိုမိုပြင်းထန်လာသောကြောင့် ဝိုင်းမော်မြို့နေ ပြည်သူများနှင့် ကျေးရွာ၊ ရပ်ကွက်အသီးသီးမှ ပြည်သူထောင်ချီခန့် မြစ်ကြီးနားမြို့ဘက်သို့ နီးစပ်ရာ ဆွေမျိုးများထံ သွားရောက်တိမ်းရှောင်ခဲ့ကြပြီး၊ အများစုမှာ နယ်ခြားစောင့်တပ်ဖွဲ့ နယ်မြေဖြစ်သည့် နောင်ချိန်း၊ လဘန်ကထောင်နှင့် အင်ဂန်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု ဆိုသည်။
“အင်ဂန်းရွာမှာတော့ မနေ့က စစ်ရှောင်တွေ အများကြီးရောက်လာတယ်။ အတိအကျတော့ မသိရသေးဘူး။ ထောင်ကျော်မယ် ထင်တယ်။ အခုတော့ နေရာလွတ်တဲ့ ဘုရားကျောင်းဝင်းတွေ၊ ကောင်စီရုံးတွေ၊ တစ်ချို့ အိမ်ကြီးတဲ့နေရာတွေမှာ ထားထားကြတယ်။ အခုထိတော့ အလှည့်ကျ ချက်ပြုတ်ကျွေးမွေးနေကြတယ်။” ဟု အင်ဂန်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ယမန်နေ့တွင် နောင်းချိန်းကျေးရွာ စစ်ရှောင်စခန်းသို့ ဝင်ရောက်လာသည့် စစ်ရှောင်များမှာ တစ်ထောင်ခန့်ရှိနိုင်ပြီး စာရင်းအတိအကျ မပြုစုနိုင်သေးဟု နောင်းချိန်းဒေသခံတစ်ဦးထံမှ သိရသည်။
ဝိုင်းမော်မြို့အပါအဝင် ထွက်ပြေးတိမ်းရှောင်ကြသည့် ကျေးရွာများမှာ ဝိုင်းမော်-လိုင်ဇာ လမ်းတစ်လျှောက်ရှိ ခါးရှိ၊ အင်းလေး၊ အောင်မြေ ၁၊ အောင်မြေ ၂၊ ရွှေညောင်ပင်၊ ဂါးရာယန်၊ ကဇူးယန်၊ ဒဘတ်ယန်, ကန်တော်ယန်နှင့် နမ်ဆန်ယန် စသည့် ကျေးရွာများ ဖြစ်ပြီး၊ ချီဖွေ၊ ဆဒုံးလမ်းမပေါ်ရှိ မဒိန်၊ ခကွမ်၊ ဝူယန်၊ မုတ်ကျိတ်၊ လမြန်၊ နမ့်ဝါ၊ လဘန်၊ ဝါရှောင်နှင့် မြစ်ကမ်းဘေးရှိသည့် ခတ်ချို၊ မခန္တီး၊ နောင်ဟီး၊ စန်းကား၊ တာမခန်း၊ ခန့်လုံ စသည့် ကျေးရွာများမှ ပြည်သူများ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြပြီ ဖြစ်သည်။
ယင်းတို့အနက် အောင်မြေ ၁၊ အောင်မြေ ၂ နှင့် ရွှေညောင်ပင်ကျေးရွာမှ ပြည်သူများမှာ ပြီးခဲ့သည့် မတ်လ ၇ရက်နေ့မှစ၍ ပထမအကြိမ်အဖြစ် နောင်ချိန်း၊ လဘန်ကထောင်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဖြစ်သည်။
လက်ရှိတွင် ဝိုင်းမော်မြို့ပြင်ရှိ ကျေးရွာများ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ကြကာ ဝိုင်းမော်မြို့တွင်းမှ အချို့ပြည်သူများလည်း စတင်တိမ်းရှောင်နေကြပြီး ယခုသတင်းရေးသားနေချိန်အထိ တိမ်းရှောင်သူ ပြည်သူများ ဆက်လက်တိမ်းရှောင်နေကြဆဲ ဖြစ်သည်။
ထို့အပြင် မြစ်ကြီးနားမြို့ဘက်တွင်လည်း မြို့တွင်းနေရာ အချို့များတွင် စစ်ကောင်စီတပ်သားများက လမ်းသွား၊ လမ်းလာ ပြည်သူများအား တားဆီးစစ်ဆေးခြင်းများ လုပ်ဆောင်နေသည့်အပြင် စစ်ကောင်စီမှ ည၁၀နာရီနောက်ပိုင်း အပြင်မထွက်ရ အမိန့်နှင့် ပစ်မိန့်ပါ ထုတ်ပြန်ထားသည်ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။
ဝိုင်းမော်မြို့နယ်တွင် ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း တစ်သိန်းကျော် နေထိုင်ကြောင်း သိရသည်။
Comments