ပါဂျောင်မီဒီယာ။
၁၁ရက်၊နိုဝင်ဘာ၊၂၀၂၄။
ကချင်ပြည်နယ်၊ ချီဖွေမြို့တွင် တိုက်ပွဲကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရချိန် နေအိမ်များ ဖောက်ထွင်းခံခဲ့ရသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
“တိုက်ပွဲဖြစ်လာတာနဲ့ ပြည်သူတွေက အိမ်နဲ့ဈေးဆိုင်တွေကို သော့ခတ်ပြီး ဘေးလွှတ်ရာကို ထွက်ပြေးသွားကြတာလေ။ တစ်မြို့လုံးက လူတွေထွက်ပြေးသွားတာနဲ့ သူခိုးတွေက အိမ်တံခါးတွေကို ရိုက်ဖွင့်ပြီး တန်ဖိုးရှိတဲ့ပစ္စည်းတွေနဲ့ ငွေသားတွေကို အကုန်ခိုးယူလိုက်ကြတယ်” ဟု နေအိမ်ဖောက်ထွင်းခံရသူ ချီဖွေဒေသခံတစ်ဦးက ပြောသည်။
ချီဖွေမြို့ရှိ ဒေသခံပြည်သူများမှာ တိုက်ပွဲကြောင့် မိမိတို့နေအိမ်၊ ဈေးဆိုင်နှင့် ကုန်ပစ္စည်းများကို သော့ခတ်သိမ်းဆည်းထားပြီး၊ ဘေးလွှတ်ရာကို ကိုယ်လွှတ်ရုန်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်း ဖြစ်သည်။
သို့သော် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ကို အခွင့်ကောင်းယူပြီး အိမ်ရှင်များ ချန်လှပ်ထားခဲ့သည့် နေအိမ်၊ ဈေးဆိုင်များကို ဖောက်ထွင်းမွှေနှောက်ကာ တန်ဖိုးရှိသည့် ပစ္စည်းများအပြင် ငွေသားများပါ ဖောက်ထွင်းခိုးယူမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
ချီဖွေမြို့ရှိ ဒေသခံအများစု၏ နေအိမ်နှင့် ဈေးဆိုင်များ၊ ကုန်စုံဆိုင်နှင့် ထမင်းဆိုင် အများစု ဖောက်ထွင်းခံရခြင်း ဖြစ်ပြီး၊ ငွေသားများ၊ တန်ဖိုးကြီးပစ္စည်းများနှင့် အသုံးဝင်သည့် အချို့ပစ္စည်းများလည်းသယ်ယူသွားကြောင်း သိရသည်။
ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလ၂၉ရက်နေ့တွင် အပြီးသတ်တိုက်ခိုက် သိမ်းယူထားပြီး၊ တိုက်ပွဲအတွင်း စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့သောကြောင့် ချီဖွေဒေသခံပြည်သူများက ကိုယ်လွတ်ရုန်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ချီဖွေမြို့ကိုသိမ်းပြီးနောက် တစ်ပတ်ခန့်အကြာတွင် ဒေသခံပြည်သူများ နေရပ်ရင်းကို ပြန်လာနေထိုင်ကြပေမယ့် သူခိုးများ၏ နေအိမ်ဖောက်ထွင်း ခိုးယူမှုများ ဆိုးဆိုးရွားရွား ရှိနေခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း - ကိုင်နူး
Comentários