ပါဂျောင်မီဒီယာ
၃၁ ရက်၊ မတ်လ၊ ၂၀၂၄
![](https://static.wixstatic.com/media/c187ce_877a7e36987e44f9992eaead8f9cc9c8~mv2.jpg/v1/fill/w_825,h_591,al_c,q_85,enc_avif,quality_auto/c187ce_877a7e36987e44f9992eaead8f9cc9c8~mv2.jpg)
ယနေ့ နေ့လည် မွန်းလွဲ(၁)နာရီခန့်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်မြို့ရှိ အမှတ် (၁၀၅) စစ်ကောင်စီတပ်ရင်းမှ ဒေသခံပြည်သူများအား အိမ်တိုင်ရာရောက်ဆွဲယူဖမ်းခေါ်စစ်ဆေးမေးမြန်းခြင်း၊ လမ်းသွားလမ်းလာပြည်သူများအား ဆွဲယူဖမ်းခေါ်ခြင်းများပြုလုပ်နေသည်ဟုသိရသည်။
မြို့နေဒေသခံပြည်သူတစ်ဦး၏ပြောကြားချက်အရ “ဒီနေ့ နေ့လည် မွန်းလွဲ (၁)နာရီလောက်မှာ ရပ်ကွက် (၂) က အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည်ကို ဘယ်အဖွဲ့ကလည်းမသိဘူးဖမ်းသွားတယ်ကြားတယ်။ အုပ်ချုပ်ရေးမှူးအဖမ်းခံရတယ်လို့ကြားတာနဲ့ သူတို့တွေ ရပ်ကွက်ထဲက အိမ်တွေကိုဝင်ပြီး အမျိုးသားတွေကို ခြိမ်းခြောက်ပြီးဖမ်းသွားတယ်။ ပြီးတော့ လမ်းပေါ်က ဖြတ်သွားဖြတ်လာအမျိုးသားတွေကိုလည်း အကုန်ဆွဲဖမ်းတော့တာပဲ။” ဟုပြောသည်။
ထို့ပြင် ယနေ့ ညနေ (၅) နာရီ ဝန်းကျင်ခန့်တွင်လည်း ICM အသင်းတော်မှ သူတို့သမီးအပ်နှင်းပွဲကျင်းပရန် ပွဲ အတွက် ပြင်ဆင်နေသော အသင်းသား အမျိုးသား အယောက် (၃၀)ကျော်ခန့်ကိုလည်း စစ်ကောင်စီအင်အား (၁၀)ကျော်ခန့်က ယူနီဖောင်းအပြည့်အစုံဖြင့် ဝင်လာကာ ကြိုးတုပ်၍ ဘုရားကျောင်းဝန်းအတွင်းစုဖမ်းထားကြောင်း သိရသည်။
“ဘုရားကျောင်းမှာ မနက်ဖြန်သူတို့သမီးအပ်နှင်းပွဲရှိတော့ လုပ်စရာရှိတဲ့ အလုပ်တွေဝိုင်းလုပ်နေကြတုန်း စစ်ဝတ်စုံအပြည့်နဲ့ဝင်လာကြတယ်။ သူတို့ဝင်လာတာတောင်မသိလိုက်ဘူး၊ အထဲရောက်လာမှ အကုန်လှန့်နေကြတာ။ ပြီးတော့ ဘုရားကျောင်းဝင်းထဲရှိနေတဲ့ အမျိုးသား (၃၀)ကျော်လောက်ကို အကုန်ဆွဲပြီး ကြိုးတုပ်ပြီး ဘုရားကျောင်းဝန်းထဲမှာပဲစုထိုင်ထားခိုင်းတာ။ အခုထိလည်းမလွတ်သေးဘူး။ အုပ်ချုပ်ရေးမှူးကိုဖမ်းသွားတဲ့ တရားခံမိမှ လွတ်ပေးမယ်လို့ပြောတယ်” ဟုအထက်ပါဒေသခံမှဆက်ရှင်းပြသည်။
ဆားမှော်မြို့ရှိရပ်ကွက်များတွင် ယနေ့ နေ့လည်ခန့်မှစ၍ အမှတ် (၁၀၅)စစ်ကောင်စီတပ်ရင်းမှ အရပ်သားပြည်သူများအား မတရားခေါ်ယူဖမ်းဆီးနေသည့်အပြင်၊ ယခုလက်ရှိအချိန်တွင်လည်း ဆားမှော်စစ်တပ်မှ အရှေ့တောင်ဘက်သို့ လက်နက်ကြီးများဖြင့်ဆက်တိုက်ပစ်နေကြောင်းလည်းသိရှိရသည်။
Comentarios