ပါဂျောင်မီဒီယာ
၈ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ့်မြို့နယ်မှ ပြည်သူ(၁၀၀၀) ကျော်သည် နှစ်ဖက်တပ်ဖွဲ့၏ ထိတွေ့တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ စစ်ရှောင်လာသည်မှာ တစ်လတိတိရှိနေပြီး၊ တောင်ယာလုပ်ငန်းခွင် စိုက်ပျိုးရာသီ ကုန်ဆုံးလာပြီ ဖြစ်၍ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့လာရမည်ကို စိုးရိမ်နေကြရသည်ဟု စစ်ရှောင်ပြည်သူများက ပြောသည်။
"ခါတိုင်းပုံမှန်ဆိုရင် ဆွမ်ပရာဘွမ်က လူတွေ မိသားစုအများပိုင်းက တောင်ယာလုပ်ကြတယ်၊ ဒီအချိန်လောက်ဆိုရင် စပါးစိုက်တဲ့အချိန်လေ၊ အခုကတောထဲမှာ ရှောင်နေရတာနဲ့ မိုးတွင်းတောင်ဝင်တော့မယ်။ စပါးတွေလည်း မစိုက်ကြရတော့ဘူး ဘာစားပြီးမှနေကြမလဲ မသိတော့ဘူး၊ လမ်းဖွင့်ဖို့ အလားအလာလဲ မမြင်သေးဘူး" ဟု ဆွမ်ပရာဘွမ် စစ်ရှောင်ပြည်သူတစ်ဦးက ဆိုသည်။
ဆွမ်ပရာဘွမ် စစ်ရှောင်များသည် နှစ်စဉ်နှစ်တိုင်း ယခုလို နွေရာသီရောက်ခါနီးတွင် တောင်ယာ၊ လယ်တောနှင့် အခြားစိုက်ခင်းများ လုပ်ကိုင်ကာ အဓိက စားဝတ်နေရေးအတွက် ဖြေရှင်းကြသော်လည်း ယခုအချိန်တွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် ဝမ်းစာရေးအတွက် စိုးရိမ်ပူပန်နေကြရခြင်း ဖြစ်သည်။
ထို့အပြင် ဘေးလွတ်ရာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရချိန်တွင်လည်း မြစ်ကြီးနား- ပူတာအိုသွား ကားလမ်း ပိတ်ပင်ထားသည့်အတွက် လူမှုကူညီရေး အဖွဲ့အစည်းများမှ လာရောက်မကူညီနိုင်တာကြောင့် ခက်ခဲမှုများရှိနေကြောင်းနှင့် တစ်လတိတိ တိမ်းရှောင်လာရချိန်အတွင်း စားနပ်ရိက္ခာများ ကုန်ဆုံးလာခြင်းကြောင့် ခက်ခဲလာမည်ကို စိုးရိမ်သည်ဟု ဆိုသည်။
“တောထဲမှာ ကလေးနဲ့လူကြီး အကုန်လုံးက တစ်အားခက်ခဲနေကြတယ်၊ နေ့တိုင်းတိုက်ပွဲတွေ ဖြစ်နေတော့ အိမ်ပြန်ပြီး ရိက္ခာသယ်လို့လဲမရဘူး။ မြစ်ကြီးနားဘက်ကနေလည်း ဆန်သယ်ခွင့် ပိတ်ထားတယ်။ ကြာရင်မလွယ်လောက်ဘူး။ ရိက္ခာပြတ်ပြီး ငတ်နေဖို့ပဲ ရှိတော့တယ်၊ တောထဲမှာ နေရတာ မိုးတွေကလည်း ဆက်တိုက်ရွာ နေတော့၊ ကလေးလူကြီး အများပိုင်း ဖျားနာတာတွေလည်း အများကြီးပဲ။ ဆေးဝါး၊ ပလပ်စတစ်၊ မိုးကာ အဝတ်အစားတွေကအစ လိုအပ်ချက်တွေ အများကြီးပါပဲ။ အကူညီပေးမယ့် အဖွဲ့အစည်းတွေလဲ လမ်းပိတ်နေတော့ လာလို့မရဘူးလေ" ဟု တောထဲတွင် တိမ်းရှောင်နေသူ စစ်ရှောင်တစ်ဦးက ထပ်မံပြောပြသည်။
ယင်းစစ်ရှောင်များသည် တောတွင်းနေရာများသို့ ကြုံရာ တဲအိမ်များ ဆောက်လုပ်ကာ နေထိုင်ကြပြီး၊ ဆေးဝါး၊ ပလပ်စတစ်နှင့် မိုးကာ၊ အဝတ်အစားများသာမက အစားအစာများပါ များစွာ လိုအပ်နေကြကြောင်းနှင့် ဆွမ်ပရာဘွမ့်မြို့နယ်မှ ဘေးလွတ်ရာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေသူ ဒေသခံ(၁၀၀၀) ကျော်ခန့် ရှိနေကြောင်း သိရသည်။
ဆွမ်ပရာမြို့နယ်တွင် လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် KIA/KPDF ပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေပြီး ပူတာအိုဘက်မှလည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တို့မှ ဆွမ်ပရာဘွမ်မြို့နယ်သို့ စစ်ကူရေး လှုပ်ရှားမှုများ ပုံမှန်ရှိနေကြောင်း သိရသည်။
သတင်း- မလိခူး
Comments