top of page

ဆွမ်ပရာဘွမ်တိုက်ပွဲအတွင်း ကျန်ရှိနေသေးသည့် လက်နက်အပိုင်းအစနှင့် မြေမြုပ်မိုင်းများကို ရှင်းလင်းပေးရန် ဒေသခံများလိုလား

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၇ရက်၊နိုဝင်ဘာ၊၂၀၂၄။



တိုက်ပွဲငြိမ်သက်သွားသောကြောင့် နေရပ်ရင်းကို ပြန်လာနေထိုင်ကြသည့် ဆွမ်ပရာဘွမ်ဒေသတွင် တိုက်ပွဲအတွင်းမှ လက်နက်ကြီးအပိုင်းအစများနှင့် မြေမြုပ်မိုင်းများ ကျန်ရှိနေသေးသောကြောင့် သက်ဆိုင်သည့် အစိုးရမှ အမြန်ဆုံး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပေးစေလိုသည်ဟု ဒေသခံများက ပြောသည်။


အဆိုပါ ဆွမ်ပရာဘွမ်ဒေသတွင် သက်ဆိုင်သည့်အစိုးရမှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချက်များကို အမြန်ဆုံးလုပ်ဆောင်ပေးရန် ဒေသခံများ အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီးဖြစ်ပေမယ့်၊ ယခုထက်ထိ မလုပ်ဆောင်နိုင်သေးကြောင်း ဆွမ်ပရာဘွမ်ဒေသခံများက ပြောသည်။


“တိုက်ပွဲဖြစ်ခဲ့တဲ့အချိန်က ပစ်လိုက်တဲ့ လက်နက်ကြီးတွေက မြေကြီးထဲမှာ စိုက်ပြီး ကျန်နေခဲ့တာတွေ ရှိတယ်။ ဆွမ်ပရာဘွမ်မြို့တွင်းမှာ ဟုတ်တယ်။ ဒါတွေကို ရှင်းလင်းပေးဖို့ အစိုးရကို အကြိမ်ကြိမ်တော့ ပြောပြီးပြီ၊ အခုထိတော့ မလုပ်ပေးသေးဘူး။ တင်ပြထားတာတွေလဲ ရှိတယ်။ အမြန်ဆုံး ရှင်းလင်းလိုက်ရမှာလေ။” ဟု ဆွမ်ပရာဘွမ်ဒေသခံတစ်ဦးက ပြောသည်။


ဆွမ်ပရာဘွမ်မြို့ကို KIAသိမ်းယူပြီးနောက် ဒေသခံများ ပြန်လည်နေထိုင်တာ ခြောက်လနီးပါး ကြာမြင့်နေပြီဖြစ်ပေမယ့် ယခုချိန်ထိ နယ်မြေရှင်းလင်းရေးများကို အပြီးသတ်မလုပ်ဆောင်နိုင်သေးသောကြောင့် ဒေသခံများမှာ သွားလာရေးအတွက် သတိဝီရိယဖြင့် သွားလာနေရဆဲ ဖြစ်သည်ဟု ပြောသည်။



KIOအုပ်ချုပ်ရေးယန္တယားဖြင့် အုပ်ချုပ်နေပြီဖြစ်သော ဆွမ်ပရာဘွမ်မြို့ကို တိုက်ပွဲအတွင်း ကျန်ရှိနေသေးသည့် မြေမြုပ်မိုင်းနှင့် လက်နက်အပိုင်းအစများအား တာဝန်ရှိသည့် အစိုးရမှလည်း အမြန်ဆုံးလုပ်ဆောင်ပေးနိုင်ရန် ဒေသခံများ လိုလားနေကြသည်။


ဆွမ်ပရာဘွမ်ဒေသကို KIAမှ သိမ်းယူပြီးနောက် လတ်တလော စစ်ရေးငြိမ်သက်နေပေမယ့် ရံဖန်ရံခါ စစ်တပ်မှ လေယာဉ်ဗုံးဖြင့် လာရောက်ဗုံးကြဲ ပစ်ခတ်မည်ကို ဒေသခံများ စိုးရိမ်နေရဆဲ ဖြစ်ကြောင်း သိရသည်။

Comments


Pajau Media

Thanks for subscribing!

bottom of page