top of page

ဆွမ်ပီယာန်အုပ်စုမှ ဒေသခံတစ်ထောင်ကျော် ဆေးဝါး၊ အစားအသောက်နှင့် နေရာအထိုင်အခင်း အရေးပေါ်လိုအပ်နေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၉ရက်၊မေလ၊၂၀၂၄ခုနှစ်။



ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာအုပ်စုမှ ဒေသခံတစ်ထောင်ကျော်သည် ဘေးလွတ်ရာ တောတောင်ထဲသို့ စစ်ဘေးရှောင် တိမ်းရှောင်နေကြသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီဖြစ်သောကြောင့် နာမကျန်းဖြစ်သူ များပြားလာပြီး ဆေးဝါး၊ အစားအသောက်နှင့် နေရာအထိုင်အခင်းများ အရေးပေါ် လိုအပ်နေသည်ဟု စစ်ရှောင်များက ပြောသည်။


“အခုချိန်မှာ နာမကျန်းဖြစ်တာက ကလေးလူကြီး အားလုံးနီးပါး ဖြစ်နေတာ၊ ပါလာတဲ့ ဆေးတွေ နဲနဲပါးပါးနဲ့ပဲ ဖြစ်သလို အဆင်ပြေသလို ကုသနေကြပါတယ်၊ ဆေးဝါးတွေနဲ့ ဆေးဆရာတွေ လွတ်ပေးဖို့လည်း တပ်မဟာ ၁ ဒေသဘက်ကို အကူအညီတောင်းထားတာတော့ ရှိတယ်။ ဘယ်ချိန်လွတ်ပေးမလဲတော့ မသိသေးဘူး” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။


စစ်ဘေးရှောင်များမှာ မိုးတွင်းကာလ ရောက်ရှိလာသောကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ကလေးငယ်များ အပါအဝင် လူကြီး၊ လူငယ်များနှင့် နာမကျန်းဖြစ်နေသည့် သက်ကြီးရွယ်အိုများ အများစု ဖြစ်ပွားလာသော်လည်း ကုသရန် ဆေးဝါးမရှိသည့် အခက်အခဲများ ရှိနေသည်ဟု ဆိုသည်။


စစ်ရှောင်များမှာ ဆေးဝါးခက်ခဲသည့်အပြင် နေရာ ထိုင်ခင်းအတွက် ဆက်လက်တည်ဆောက်နေဆဲ ဖြစ်ပြီး အမိုးအကာအတွက် မိုးကာ လိုအပ်ချက်များလည်း များစွာရှိနေသည်။ ထို့ကြောင့် ရက်ရှည်စစ်ရှောင်လာမည်ဆိုလျှင် စစ်ဘေးရှောင်များအတွက် အလွန်ခက်ခဲလာနိုင်ဖွယ်ရှိကြောင်း အထက်ပါ စစ်ရှောင်က ဆက်ပြောသည်။


“နေစရာ တဲအိမ်ဆောက်တာလဲ ဆောက်နေဆဲပါပဲ၊ အခုက မိုးကာလိုနေတာ၊ အဲ့တာ အရေးကြီးနေတယ်၊ မိုးကာကူညီပေးဖို့ KBC HDD ကိုတော့ ပြောထားတယ်၊ ခုလောလောဆယ်က ဆန်တွေ အစားအသောက်တွေ၊ အိုး၊ ခွက်၊ ပန်းကန်၊ ဆေးဝါးကအစ အရေးကြီး လိုအပ်နေပါတယ်။ ဒီနှစ်က တောင်ယာခုတ်ထွင်ပြီး မီးရှို့ပြီးစီးထားပေမယ့် ဒီတိုင်းပစ်ထားခဲ့ရတယ်”


လက်ရှိမှာတော့ ဆွမ်ပီယာန်ကျေးရွာ ဝါဒတ်ကျေးရွာနှင့် အင်စီးယာန်ကျေးရွာမှ ဒေသခံ တစ်ထောင်ကျော်သည် ပြီးခဲ့သည့် မေလ ၁၁ရက်နေ့မှစ၍ မြစ်ကြီးနား-ပူတာအိုလမ်းမပေါ်ရှိ ဘေးလွတ်သည့် နေရာများတွင် စစ်ရှောင်စခန်း တည်ဆောက်ကာ စစ်ရှောင်နေကြပြီး အကူအညီများစွာ အရေးကြီးလိုအပ်နေကြောင်း သိရသည်။


သတင်း - ဟူးကောင်း


Comentários


Pajau Media

Thanks for subscribing!

bottom of page