top of page

ဆွမ်ပီယာန်စစ်ရှောင်များ နေရပ်သို့မပြန်နိုင်ပဲ စားနပ်ရိက္ခာနှင့် ဆေးဝါးအခက်အခဲ ဖြစ်နေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၂၅ရက်၊စက်တင်ဘာ၊၂၀၂၄။



တိုက်ပွဲကြောင့် ဆွမ်ပီယာန်ကျေးရွာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေခဲ့သည်မှာ လေးလနီးပါး ကြာမြင့်လာပေမယ့် နေရပ်ရင်းဒေသကို စစ်ကောင်စီတပ်ဖွဲ့များ နေရာယူကာ စခန်းချနေထိုင်နေဆဲဖြစ်သဖြင့် စစ်ရှောင်များမှာ မိမိနေရပ်ရင်းသို့ မပြန်နိုင်သေးသည့်အပြင် စားနပ်ရိက္ခာနှင့် ဆေးဝါးအခက်အခဲများ ကြုံတွေ့နေရသည်ဟု စစ်ရှောင်များက ပြောသည်။


“အခုဒီရက်ပိုင်းမှာက စခန်းအတွင်း ကလေး၊လူကြီး အကုန်လုံးနီးပါး ဖျားနာကြတယ်။ စခန်းမှာ မကုသပေးနိုင်တဲ့ အစာအိမ်နာတဲ့ လူနာတွေနဲ့ အူတက်ခွဲရမဲ့လူနာတွေကိုတော့ ဆွမ်ပရာဘွမ်နဲ့ မြစ်ကြီးနားကို ပို့ပြီးကုသရတယ်။ စခန်းမှာက ဆေးဝါးလည်း မရှိ၊ အရမ်းခက်ခဲနေတယ်။” ဟု ဆွမ်ပီယာန်စစ်ရှောင်မှ ဘာသာရေးဆရာတစ်ဦးက ပြောသည်။


ယခုရက်ပိုင်း စခန်းအတွင်း ဖျားနာသူများပြားလာပြီး ရာသီတုတ်ကွေး ဖျားနာသူများကို စခန်းအတွင်း တတ်နိုင်သည့်နည်းလမ်းဖြင့် ကုသပေးပေမယ့် နာတာရှည်ဖျားနာသူများကိုတော့ ဆွမ်ပရာဘွမ်နှင့် အခြားဒေသများသို့ပို့ဆောင်ကာ ကုသကြရသည်ဟု စစ်ရှောင်များက ပြောသည်။


ဆွမ်ပီယာန်ကျေးရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်မှာ ကျေးရွာအတွင်းရှိအိမ်မွေးတိရိစ္ဆာန်များကို စိတ်ကြိုက်သတ်စားခြင်းနှင့် ဒေသခံများသိုလှောင်ထားသည့် စပါးကျင်းမှ ဆန်၊စပါးများကိုလည်း စားသုံးရင်း နေထိုင်နေကြသည့်အပြင် သေနတ်ပစ်ဖောက်ခြင်းများ မကြာခဏ လုပ်ဆောင်တတ်သောကြောင့် စစ်ရှောင်ကာလ လေးလကြာမြင့်သည်အထိ နေရပ်ရင်းသို့ မပြန်နိုင်ပဲ စခန်းအတွင်းသာ ခက်ခက်ခဲခဲ ရှာစားနေရသည်ဟု စစ်ရှောင်များ ပြောကြားလာသည်။


“အဓိကက အစားအသောက်တွေပေါ့။ ရွာပြန်ပြီး အစားအသောက်တွေ ပြန်ယူဖို့လည်း ရွာထဲမှာကို စစ်တပ်က တပ်စွဲနေနေတာဆိုတော့ ပြန်ဖို့လည်း မဖြစ်နိုင်ဘူးလေ။ ရွာမှာက အခုဆို ဘာမှရှိတော့မှာမဟုတ်ဘူး။ သူတို့ကြိုက်သလို ကျွဲ၊ နွား၊ ကြက်၊ ဝက်တွေကို သတ်စားတယ်။ ဆန်၊စပါးတွေ ချက်စားကြတယ်၊ ဘယ်သူမှလည်း မပြန်ရဲကြဘူး။” ဟု အထက်ပါ ဘာသာရေးဆရာက ဆက်ပြောသည်။


ထို့ကြောင့် အိမ်ခြေ၃၀၀နီးပါးရှိသည့် ဆွမ်ပီယာန်ကျေးရွာများမှာ စစ်ရှောင်များမှာ မိမိနေရပ်ရင်းသို့ ပြန်ကာ လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ၊ ဆေးဝါးများ ပြန်ယူချင်သော်လည်း စစ်တပ်ရှိနေခြင်းကြောင့် မပြန်ရဲကြပဲ စခန်းအတွင်းသာ ခက်ခက်ခဲခဲ နေထိုင်နေကြရသည်ဟု ပြောသည်။


ထို့အပြင် ယခင်စစ်ရှောင်ခါစမှ တစ်ပတ်အကြာတွင် နေရပ်ရင်းသို့ပြန်ကာ စားနပ်ရိက္ခာပြန်ယူသည့် ဒေသခံ၄ဦးကို စစ်တပ်မှ ထိန်းသိမ်းဖမ်းဆီးထားခဲ့ပြီး ယခုအချိန်အထိ မည်သည့်သတင်းအစအနမှ မပေးပဲ ပြန်မလွှတ်ပေးသည့် ဖြစ်စဉ်လည်း ရှိခဲ့ဖူးကြောင်း ထပ်မံသိရသည်။


စစ်ကောင်စီက လက်ရှိ စစ်ရေးတင်းမာနေသည့် နေရာများတွင် စစ်အင်အားတိုးချဲ့ခြင်းများ လုပ်ဆောင်နေသည့်အပြင် ပူတာအိုဒေသတွင်လည်း စစ်ကြောင်းထိုးကာ စစ်ရေးလှုပ်ရှားမှုများ တစ်ဖန်ပြန်လည်လုပ်ဆောင်လာသောကြောင့် တိုက်ပွဲပြန်လည် ပြင်းထန်လာမည်ကို စစ်ရှောင်များ စိုးရိမ်နေကြကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page