ပါဂျောင်မီဒီယာ
၁၃ရက်၊ဇူလိုင်၊၂၀၂၄။
တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေကြသည့် ပူတာအိုဒေသရှိ ဆွမ်ပီယာန်စစ်ရှောင်စခန်းတွင် ကိုယ် ထူကိုယ်ထ ကျောင်းဖွင့်နိုင်အောင် ပြင်ဆင်နေပြီး၊ ကျောင်းသုံးပစ္စည်းကိရိယာ အကူအညီများ လိုအပ်နေသည်ဟု ပြောသည်။
စစ်ရှောင်စခန်းအတွင်း ကျောင်းသားများအတွက် ကျောင်းဖွင့်ပြီး စာသင်ကြားနိုင်အောင် စာသင်ခန်းကို ဝါးနှင့် မိုးကာများ အသုံးပြုကာ အဆောင်တန်းလျားနှစ်ဆောင် ဆောက်လုပ်ထားပြီး၊ အလယ်တန်းကျောင်းအဆင့်ထိ ဖွင့်လှစ်သင်ကြားနိုင်အောင် ဆောင်ရွက်နေကြောင်းနဲ့ ကျောင်းသားများ အသုံးပြုမည့် ကျောင်းသုံးပစ္စည်းများဖြစ်သည့် စားပွဲ၊ ထိုင်ခုံနှင့် ကျောက်သင်ပုန်းများ မရရှိသေးသော်လည်း အခြေအနေအရ လာမည့်အပတ်မှစပြီး စတင်ကျောင်းဖွင့်လှစ်သွားမည့်အကြောင်း ဆွမ်ပီယာန်စစ်ရှောင်တစ်ဦးက ပါဂျောင်မီဒီယာသို့ ယခုကဲ့သို့ ပြောသည်။
“ကျောင်းကိုတော့ လာမယ့်အပတ်လောက်မှပဲ ဖွင့်ဖို့ လုပ်နေပါတယ်။ ကျောင်းသုံးပစ္စည်းတွေလည်း မစုံသေးဘူး။ အကုန်လုံး အစကနေ ပြန်တည်ဆောက်ယူရတာဖြစ်လို့ ခက်ခဲတာက အရမ်းများတယ်။ ဒါပေမယ့် ဖြစ်လာမယ့် အခြေအနေအရပဲ ကျောင်းဖွင့်နိုင်ဖို့ ဆောင်ရွက်နေတယ်။ အခုက ကျောင်းကော်မတီကနေ ဝယ်ထားတဲ့ပစ္စည်းတွေတောင်မှ လမ်းပြန်ပိတ်သွားတော့ မရောက်သေးဘူး။ အချိန်က တစ်ရက်ပြီးတစ်ရက် ကုန်နေတာဆိုတော့ ဖြစ်သလိုပဲ ကျောင်းဖွင့်နိုင်အောင် ဆောင်ရွက်နေပါတယ်။”
တစ်နိုင်ငံလုံး ပြီးခဲ့သည့် ဇွန်လဆန်းတစ်ရက်နေ့ကတည်းက အခြေခံပညာရေးကျောင်းများအားလုံး ကျောင်းဖွင့်လှစ် စာသင်ကြားနေပြီဖြစ်ပေမယ့် ပူတာအိုဒေသရှိ ဆွမ်ပီယာန်စစ်ရှောင်ကလေးများမှာ စာသင်ခန်းဆောင် အခက်အခဲများ၊ ကျောင်းသုံးပစ္စည်းများနှင့် စာသင်ကြားပေးမည့် ကျောင်းဆရာ၊ ဆရာမ မလုံလောက်ခြင်းကြောင့် ယနေ့အချိန်အထိ ကျောင်းမဖွင့်နိုင်သေးခြင်းဖြစ်ကြောင်း ထပ်မံသိရသည်။
KIO ပညာရေးဌာနမှလည်း ကျောင်းဖွင့်ခွင့်ပေးခဲ့ပေမယ့် လက်တွေ့မှာတော့ လက်လှမ်းမမှီနိုင်တဲ့ အခြေအနေဖြစ်နေကြောင်းနဲ့ လက်ရှိမှာ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်လာရခြင်း ဖြစ်သောကြောင့် စာသင်ကြားပေးမည့် ကျောင်းဆရာ၊ဆရာမ မရရှိသည့် အခက်အခဲလည်း ရှိသည်ဟု ပြောသည်။
“KIO ပညာရေးဌာနချုပ်ကနေတော့ ကျောင်းဖွင့်ဖို့ပြောခဲ့သလို ကျောင်းဖွင့်ဖို့တော့ ဆောင်ရွက်နေပြီ၊ ဒါပေမယ့် သူတို့က ကျောင်းသုံးပစ္စည်းတွေကအစ ဘယ်လိုလုပ်ပါဆိုပြီး စီမံပေးတာမျိုးမရှိဘူး။ တစ်ဖြည်းဖြည်း ပြင်ဆင်ယူရအောင်လို့တော့ ပြောပြီးအခုထိ ဘာမှမပြောသေးဘူး။ စာသင်ပေးမယ့် ဆရာ၊ ဆရာမတွေက ဒီက ဆယ်တန်းအောင်ထားတဲ့သူတွေနဲ့ ကျောင်းသားမိဘတွေ ခန့်ထားတဲ့ သူတွေကနေ စတင်ဖွင့်လှစ်ဖို့ ဆောင်ရွက်နေတယ်။” ဟု အထက်ပါ စစ်ရှောင်က ဆက်ပြောသည်။
ဆွမ်ပီယာန်စစ်ရှောင်စခန်းတွင် ကျောင်းတက်မည့် ကျောင်းသားများမှာ အားလုံးပေါင်း ၂၀၀ကျော်ရှိပြီး၊ ပြီးခဲ့သည့် မေလကတည်းက ဘေးလွတ်ရာနေရာသို့ စစ်ဘေးရှောင်ခဲ့ကြသည့် စစ်ရှောင်များ ဖြစ်ကြောင်း သိရသည်။
Comments