top of page

ဆိုင်းတောင်ရှိ Lucky Men ဟိုတယ်ကို KIA ပူးပေါင်းတပ်ဖွဲ့က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီီဒယာ

၈ရက်၊အောက်တိုဘာ၊၂၀၂၄။



ကချင်ပြည်နယ်၊ ဖားကန့်-ဆိုင်းတောင်ဒေသတွင် တိုက်ပွဲပြင်းထန်ခဲ့တာ တစ်လနီးပါးကြာမြင့်ပြီးနောက် ယနေ့အောက်တိုဘာ ၈ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် ဆိုင်းတောင်ကျေးရွာရှိ Lucky Men ဟိုတယ်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။


ဆိုင်းတောင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သုံ့ပန်းအပြင် အခြားလက်နက်ပစ္စည်း များစွာကို သိမ်းယူထားသည့်အပြင် တိုက်ပွဲအတွင်း သေဆုံးသူများပြားပြီး စားရင်းအတိအကျပြောပြနိုင်ရန် ခက်ခဲနေသေးကြောင်း အထက်ပါသတင်းရင်းမြစ်က ပြောသည်။


ဖားကန့်-ဆိုင်းတောင်ဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာ၄ရက်နေ့မှစပြီး နှစ်ဖက်စစ်ရေးတင်းမာလာခဲ့ရာ ဖားကန့်နှင့် ၆မိုင်ကွာဝေးသည့် ဆိုင်းတောင်Lucky Men ဟိုတယ်တွင် တပ်စွဲသည့် စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာ၇ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာ ၈ရက်နေ့တွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။


KIA ပူးပေါင်းတပ်ဖွဲ့က ဖားကန့်ရဲစခန်းကိုလည်း စက်တင်ဘာ ၁၂ရက်နေ့တွင် သိမ်းပိုက်ထားခဲ့သည့်အပြင် ဆိုင်းတောင်သို့ဆက်လက်တိုက်ပွဲပြင်းထန်ခဲ့ရာ တိုက်ပွဲအတွင်း စစ်တပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် ပြည်သူအယောက် ၃၀ထက်မနည်း အသက်သေဆုံးခဲ့ရပြီး နေအိမ် ၄၀၀ နီးပါးမီးလောင်ပျက်စီးခဲ့ကြောင်း ထပ်မံသိရသည်။


ဖားကန့်-ဆိုင်းတောင်ဒေသ တိုက်ပွဲကြောင့် ပြည်သူခြောက်ထောင်ကျော် စစ်ပြေးရှောင်ခဲ့ရပြီး၊ စစ်ရှောင်များမှာ လက်ရှိအချိန်အထိ စားနပ်ရိက္ခာများ၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ အရေးတကြီး လိုအပ်နေဆဲ ဖြစ်သည်။


Photo credit


0 views0 comments

Commentaires


Pajau Media

Thanks for subscribing!

bottom of page