ပါဂျောင်မီဒီယာ။
၃၀ရက်၊အောက်တိုဘာ၊၂၀၂၄။
ကချင်ပြည်နယ်၊ ဖားကန့်တွင် လတ်တလော တိုက်ပွဲများ ငြိမ်သက်နေပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် အချို့စစ်ရှောင်များ နေရပ်ပြန်လာနေထိုင်သူ ရှိနေပေမယ့် နေအိမ်မီးလောင်သည့်ထဲပါသွားသည့် စစ်ရှောင်များမှာ နေရပ်မပြန်လာနိုင်ပဲ နေအိမ်ပြန်လည်ထူထောင်ရာတွင် အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
တစ်လနီးပါးဖြစ်ပွားခဲ့သည့် ဖားကန့်-ဆိုင်းတောင်တိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ နီးပါး စစ်ဘေးရှောင်ခဲ့ကြရာ နေအိမ်ကျန်ရှိနေသေးသူများက နေရပ်ပြန်လာနေထိုင်သူရှိနေပေမယ့် နေအိမ်မီးလောင်သွားခဲ့သည့် စစ်ရှောင်များမှာ နေရပ်ပြန်လာချင်သော်လည်း မပြန်နိုင်ပဲ နေအိမ်ပြန်လည်ဆောက်လုပ်ရန်ပင် အကူအညီများစွာ လိုအပ်နေသေးသည်ဟု ပြောသည်။
လက်ရှိတွင် နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို တာဝန်ရှိသည့် KIA၏ ဦးဆောင်မှုဖြင့် လုပ်ဆောင်နေပြီဖြစ်ကြောင်း ဖားကန့်ဒေသမှ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ ပြောသည်။
“နေအိမ်တွေ မီးလောင်သွားတဲ့ နယ်မြေတွေကိုတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်ပြီးသွားပြီ။ နေအိမ်မရှိတော့တဲ့ သူတွေက မပြန်သေးဘူး။ နေအိမ်ရှိသေးတဲ့ သူတွေက အရင်အတိုင်း ပြန်လာနေထိုင်ကြသူတွေ ရှိနေပြီ။ ပြန်လည်ထူထောင်ရေးကိုတော့ မလုပ်နိုင်သေးဘူး” ဟု ပြောသည်။
ဆိုင်းတောင်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ နေအိမ်မီးရှို့ ဖျက်စီးမှုကြောင့် မီးလောင်ပျက်စီးသွားခဲ့သည့် နေအိမ်အားလုံးပေါင်း ၁၈၀ နီးပါးရှိနေပြီး၊ လေကြာင်းမှသော်လည်းကောင်း၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သော်လည်းကောင်း ပျက်စီးသွားသည့်နေအိမ် ၇၀ နှင့် သူခိုးဓားပြများ၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့်နေအိမ်ပေါင်း ၃၀ ကျော် ရှိနေကြောင်း သိရသည်။
ယခုအချိန် နယ်မြေရှင်းလင်းရေး မလုပ်နိုင်သေးသည့် ဒေသများမှာ ဖားပြင်နှင့် ကျောက်သွေးတောင်ကျေးရွာများဖြစ်ပြီး ယူမာဒေသဘက်မှာတော့ စစ်ကောင်စီတပ်သားများ နေရာယူထားဆဲဖြစ်သောကြောင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ မလုပ်ဆောင်နိုင်သေးကြောင်းလည်း ထပ်မံသိရသည်။
ပျက်ဆီးဆုံးရှုံးခဲ့သည့် နေအိမ်များကို ပြန်လည်ထူထောင်ရာတွင် KIOအစိုးရမှ တာဝန်ယူဖြေရှင်းပေးနိုင်ရန်အတွက် ဒေသခံများ လိုလားနေကြပေမယ့် အဆိုပါကိစ္စရပ်များအတွက် တာဝန်ရှိသူများ တိုင်ပင်ဆွေးနွေးမှုပြီးမှသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
စက်တင်ဘာ ၇ရက်နေ့မှစပြီး တစ်လနီးပါး ဖြစ်ပွားခဲ့သည့် ဆိုင်းတောင်တိုက်ပွဲအတွင်း အရပ်သားပြည်သူ (၁၆)ဦး အသက်သေဆုံးခဲ့ပြီး၊ (၃၈)ဦးမှာ ထိခိုက်ဒဏ်ရာပြင်းထန် ရရှိခဲ့သည်။ အဆိုပါ ဆိုင်းတောင်ဒေသသည် အောက်တိုဘာ ၉ရက်နေ့မှ စပြီး KIA ပူးပေါင်းတပ်ဖွဲ့၏ အုပ်ချုပ်မှုအောက်တွင် ရှိနေပြီဖြစ်ကြောင်း သိရသည်။
コメント