top of page

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း အသက်မပြည့်သည့် ကလေးသေဆုံးမှု (၆၀၀)ကျော်ရှိလာပြီး၊ ကလေးခြောက်သန်းကျော်အစားအစာ ငတ်မွတ်ပြီး အာဟာရ ချို့တဲ့နေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ (သတင်းဆောင်းပါး)

၉ရက်၊ ဧပြီလ၊ ၂၀၂၄



မြန်မာနိုင်ငံအတွင်း စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ရက်နေ့ က စပြီး သုံးနှစ်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးသည့် ကလေးများ သေဆုံး မှု(၆၃၀) ထိရှိလာပြီး၊ ကလေးခြောက်သန်းကျော် အစာငတ်၊အာဟာရ ချို့တဲ့နေတယ်လို့ အာရှ၊ ပစိဖိတ်ဒေသ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။


သေဆုံးသွားတဲ့ ကလေးတွေထဲမှာ ရွာအတွင်းတိုက်ပွဲ သေနတ်ကျည်ထိတာ၊ လက်နက်ကြီးစမှန်တာ၊ ဖမ်းဆီးခံရပြီး စစ်ကြောရေးနဲ့ ထောင်အတွင်းသေဆုံးတာတွေ အပါအဝင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဗုံးထိမှန်ပြီး သေဆုံးခဲ့ကြသူတွေ ပါဝင်ပါတယ်။ ကလေးတွေဟာ နေအိမ်၊ ကျောင်းစာသင်ခန်း၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းအပြင် စစ်ရှောင်စခန်းတွေမှာ ရှိနေစဉ် လက်နက်အမျိုးမျိုးကြောင့် ထိခိုက်သေဆုံးကြရတာပါ။


“ကလေးဆိုတာ ဘယ်လိုအချိန်မျိုးမှာမဆို သူတို့အပေါ် အန္တရာယ်မကျ အောင် ကာကွယ်ပေးရမှာ အားလုံးရဲ့ တာဝန်ဖြစ်တယ်။ ဒါပေမဲ့ ကလေးတွေ ရှိတဲ့နေရာကို တစ်ချို့ဆိုရင် မိသားစုနဲ့ အတူအိပ်နေချိန်ညအချိန်မှာ သတ်ဖြတ်မှုတွေကြောင့် ကလေးတွေ‌ရော၊ ကိုယ်ဝန်ဆောင်မိခင်တွေ သေဆုံးမှု နေ့တိုင်းနီးပါးတွေ့နေရပါတယ်။ ဒါက အရပ်သားတွေ အ‌ပေါ်ကျူးလွန်မှု သာမကပဲ အထူးကာကွယ်စောင့်ရှောက်ရမယ့် ကလေးငယ်တွေကိုပါ ထိခိုက် သေကြေပျက်ဆီး မှုဖြစ်စေတဲ့ စစ်ပွဲဆိုင်ရာ၊ ရာဇဝတ်မှုမြောက်ပါတယ်” (NUG)လူ့အခွင့်အရေး ဝန်ကြီး ဌာန ဝန်ကြီး ဦးအောင်မျိုးမင်းက (VOA)ကိုပြောဆိုထားပါတယ်။


စစ်မီးတောက်နေတဲ့ဒေသတွင်မှာ မိဘတွေက ရှင်လျက် နဲ့ သေနေရတဲ့ ဘဝတွေနဲ့ ကျန်ရစ် နေခဲ့ရ သလို အသက်မသေဘဲ ကျန်ရစ်တဲ့ ကလေးတွေ က မှောင်မိုက်တဲ့ အနာဂတ်ကို ဦးတည်နေကြရတယ်။အာဏာသိမ်းပြီး လပိုင်း အတွင်းမှာ စစ်ကောင်စီ တပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကယား ပြည်နယ်မှာ စစ်လေယာဉ်တွေဟာ ကလေးတွေကိုခြိမ်းခြောက်နေတဲ့ နတ်ဆိုးကြီးတွေ လိုဖြစ်နေတယ်။


စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေမှာ သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေလည်း မြန်မာပြည်မှာ ဒုနဲ့ဒေးရှိနေပါပြီ။မနှစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က လိုင်ဇာဌာနချုပ်အနီးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁၁ ဦးအပါအဝင် ၂၉ ဦး သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းပဇီကြီးလေကြောင်းတိုက်ခိုက်မှုမှာလည်း ကလေးငယ် ၄၀ လောက် သေဆုံးခဲ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလ (အောက်တိုဘာ ၂၇ ရက်နေ့မှ ဒီဇင်ဘာ ၂၇ ရက်) အတွင်း နမ့်ဆန်မြို့အပါ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ လက်နက်ကြီးတွေ၊ ဗုံးတွေနဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးခဲ့ကြရတဲ့ ကလေးငယ် ၂၈ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိတဲ့ကလေးငယ် ၄၇ ဦးရှိတယ်လို့ တအောင်းအမျိုးသမီးအဖွဲ့အစည်း (TWO)မှ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။


မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကလေးသူငယ်သေဆုံးသူဟာ အယောက် ၂၀၀ နီးပါးခန့်ရှိပြီး ကျန်တဲ့ အယောက် ၃၀၀ ကျော်ဟာ မကွေး၊ မန္တလေး၊ ပဲခူး၊ ချင်း၊ ရှမ်း၊ တနင်္သာရီ၊ ရခိုင်၊ ရန်ကုန်၊ ကရင်၊ ကယား၊ မွန်၊ ကချင်၊ ဧရာဝတီနဲ့ နေပြည်တော်တို့က ကလေးတွေဖြစ်ကြပါတယ်။ လက်ရှိအချိန်ထိ စစ်ကောင်စီက ဖမ်းဆီးထားတာကို ခံထားရတဲ့ ကလေးသူငယ်များ အယောက် ၇၀၀ ကျော်ရှိပြီး အဲဒီထဲမှာ အများဆုံးက ရန်ကုန်တိုင်းဒေသကြီးက ဖြစ်တယ်လို့ (AAPP) ရဲ့ ထုတ်ပြန်ချက်အရသိရှိရပါတယ်။

နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ကလေးတွေ သတ်ဖြတ်ခံရတဲ့အပြင် ပညာသင်ယူခွင့်ဆုံးရှုံးတာ၊ ဆေးကုသခံယူခွင့် ဆုံးရှုံးတာ၊ လွတ်လပ်စွာအသက်ရှင် နေထိုင်ခွင့်ဆုံးရှုံးတာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆုံးရှုံးတာတွေကို နိုင်ငံအနှံ့က ကလေးတွေ ကြုံတွေ့ခံစားနေကြရပါတယ်။


စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပြည်တွင်းစစ်ကြောင့် မြန်မာကလေးငယ် ခြောက်သန်း အစားအစာ ငတ်မွတ်ပြီး အာဟာရ ချို့တဲ့နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ အာရှ၊ ပစိဖိတ်ဒေသ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။


ကလေးတစ်ယောက်ရဲ့ အာဟာရချို့တဲ့မှုဟာ လူကြီးတစ်ယောက်ဖြစ်လာတဲ့အထိ စိတ်ပိုင်း၊ ရုပ်ပိုင်း များစွာထိခိုက်နိုင်တာမို့ ဒီပြဿနာကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းရမယ်လို့ ရန်ကုန်ဆေးပညာကွန်ရက် (Yangon Medical Network) တာဝန်ရှိသူ ဒေါက်တာ လွမ်းဝေ က ပြောဆိုထားပါတယ်။


“အခုအာဏာသိမ်းမှုနောက်ပိုင်းမှာ အများကြီး ပိုဆိုးလာတယ်။ ပိုပြီးတော့ ခက်ခဲလာ တယ်ပေါ့လေ။ ကလေး တွေရဲ့ အာဟာရချို့တဲ့မှုက သူတို့ရဲ့ ကိုယ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော၊ ပြီးရင် စိတ်ခံစားချက်ပိုင်းဆိုင်ရာ ရော၊ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ လူကြီးတစ်ယောက်ဖြစ်လာတဲ့အချိန်မှာ ဆင်ခြင်တွေးခေါ်နိုင်မှုပိုင်းဆိုင်ရာတွေမှာပါ အဘက်ဘက်ကနေပြီးတော့ သက်ရောက်မှု အများကြီးရှိပါတယ်။ ဒီအတွက် ဒီကိစ္စက ကျွန်တော်တို့နိုင်ငံမှာ အရေးတကြီး အရေးတယူ ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါ တော်တော် အရေးကြီးပါတယ်။”


စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်းမှာ နိုင်ငံ့လူဦးရေရဲ့ သုံးပုံတစ်ပုံရှိတဲ့ လူဦးရေ ၁၈ ဒသမ ၆ သန်းဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ အစီရင်ခံစာမှာ ရေးပါတယ်။ အဲဒီအထဲက ကလေး ခြောက်သန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှု၊ ပညာရေးနဲ့ ကျန်းမာရေး ဖြတ်တောက်ခံရမှု၊ အစားအစာ မဖူလုံမှုနဲ့ အာဟာရချို့တဲ့မှု ဒဏ်တွေကို ခံစားနေရတယ်လို့ အာရှ၊ ပစိဖိတ်ဒေသ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေ အစီအရင်ခံစာမှာ ဖော်ပြထား ပါတယ်။


Comentarios


Pajau Media

Thanks for subscribing!

bottom of page