top of page

စစ်ရှောင် တစ်ထောင်ကျော်အတွက် အခြေခံ စားဝတ်နေရေးနှင့် လူသုံးကုန်ပစ္စည်းများ အရေးပေါ် လိုအပ်နေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၇ရက်၊ မတ်လ၊ ၂၀၂၄ခုနှစ်။


ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာရှိ မိုင်းနား စစ်ရှောင်စခန်းတွင် စစ်ရှောင်လာကြသည့် အောင်မြေ(၁)၊ (၂) နှင့် ရွှေညောင်ပင် ကျေးရွာမှ ဒေသခံ တစ်ထောင်ကျော်အတွက် အခြေခံစားဝတ်နေရေးနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် အိုး၊ ခွက်၊ စောင်၊ ဆေးဝါးများ အပါအဝင် အမျိုးသမီးသုံး ပစ္စည်းများလည်း အရေးပေါ်လိုအပ်နေသည်ဟု စစ်ရှောင်များက ပြောသည်။


“စစ်တပ်က ဘုန်းကြီးကျောင်းမှာပဲ အားလုံးကို စုပြီး ဘယ်မှ မထွက်ခိုင်းတော့ ဘာမှမယူလာနိုင်ဘူး။ လူငယ်တွေက အတွင်းခံကအစ၊ မိန်းကလေးတွေလဲ လစဉ်သုံးကအစပေါ့၊ တစ်ခြား သွားတိုက်သံ၊ သွားတိုက်ဆေး၊ အိုးခွက်တွေ၊ စောင်တွေ၊ ပြီးတော့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေအတွက် ဆေးဝါးတွေ တစ်ကယ် လိုအပ်နေပါတယ်။” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။


စစ်ရှောင်များသည် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) နှင့် ဘာသာရေးအသင်းတော်မှ တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် မတ်လ ၁၃ရက်နေ့တွင် တိုက်ပွဲအတွင်း ပိတ်မိနေရာမှ မိုင်းနားစစ်ရှောင်စခန်းနှင့် အချို့မှာ ခတ်ချိုဘုန်းကြီးကျောင်းသို့ စစ်ရှောင်လာကြခြင်း ဖြစ်သည်။


“ခုဒီမှာလည်း အရင်ကတည်းက စစ်ရှောင်နေရာဖြစ်တဲ့အပြင် ခုကျွန်မတို့လည်း ထပ်တိုးလာတယ်ဆိုတော့ စားသောက်ရေးအတွက် ခက်ခဲလာမယ်လို့ ထင်တယ်။ လူဦးရေလည်းများသလို ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေလည်း များတဲ့အခါကျတော့လေ။ ဒါမဲ့ တစ်ချို့တွေက ဆန်ပါတဲ့သူကပါတယ်။ မပါတဲ့သူက မပါဘူးပေါ့။ အဲလိုပဲ ခက်ခဲနေပါတယ်။ ခုလောလောဆယ်တော့ သူတို့လည်း ကျွေးနိုင်မွေးနိုင်လိမ့်မယ်။ နောက်ရက်တွေမှာဆို သူတို့လည်း အချိန်အကြာကြီး မကျွေးမွေးထားနိုင်လောက်ဘူး။” ဟု ရွှေညောင်ပင်ကျေးရွာမှ မိုင်းနားစစ်ရှောင်စခန်းသို့ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။




စစ်ရှောင်လာသူအနည်းစုမှာ မိမိအဝတ်အစား အနည်းငယ်နှင့် အိုး၊ ခွက်၊ ပန်းကန်များ အနည်းစုကိုသာ ယူဆောင်လာနိုင်ကြတဲ့အပြင် အများစုမှာ မည်သည့်အသုံးအဆောင် ပစ္စည်းကိုမှ မယူလာနိုင်ခဲ့‌ေကြာင်း ပြောသည်။


ထို့အပြင် လက်ရှိ စစ်ရှောင်လာသူများနေထိုင်‌ေနသည့် နေရာသည် ယခင် ၂၀၁၁ခုနှစ်တွင် နှစ်ဖက်စစ်တပ်၏ တစ်ကြော့ပြန် တိုက်ပွဲကြောင့် စစ်ရှောင်လာသည့် စခန်းနေရာသာ ဖြစ်သည့်အပြင် ယခုတစ်ဖန် စစ်ရှောင်လာသူများလည်း လူဦးရေ အလွန်များပြားသည့်အတွက် ယခုလက်ရှိ မိုင်းနားစစ်ရှောင်စခန်းအတွင်း စုစုပေါင်း လူဦးရေမှာ နှစ်ထောင်ကျော်အထိ ရှိနေကြောင်း သိရသည်။


စစ်ရှောင်စခန်းတာဝန်ခံများ ပြောပြချက်အရ လက်ရှိအချိန်တွင် အောင်မြေ(၁)၊ (၂) နှင့် ရွှေညောင်ပင်မှ စစ်ရှောင်လာသူ ပြည်သူများကို စန်းခါးအသင်းတော်တွင် စစ်ရှောင်လူဦးရေ (၆၀၀) ကျော်၊ နောင်ဟီးအသင်းတော်တွင် (၇၀၀)ကျော်နှင့် မိုင်းနားစစ်ရှောင်စခန်းတွင် တစ်ထောင်ကျော်နီးပါး ရောက်ရှိနေကြောင်း သိရသည်။


မတ်လ ၇ရက်နေ့မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဒေသခံ အများအပြား စစ်ကောင်စီ၏ ဓားစာခံအဖြစ် တိုက်ပွဲအတွင်း ပိတ်မိနေခဲ့သည့်အပြင် ပိတ်မိကာလအတွင်း ပြည်သူများမှ လေးဦးထက်မနည်း အသက်သေဆုံးမှုလည်း ရှိခဲ့ကြောင်း သိရသည်။


ထို့နောက် မတ်လ ၇ရက်နေ့မှစတင်ပြီး မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက် ပိတ်မိပြည်သူများကို ဘာသာရေး အသင်းတော်မှ တာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ တာဝန်ရှိသူများက ပူးပေါင်းကာ ပြီးခဲ့သည့် မတ်လ ၉ရက်နေ့တွင် ပထမတစ်ကြိမ်အဖြစ် စစ်ရှောင်(၆၀၀)ကျော် ကယ်ထုတ်နိုင်ခဲ့ပြီး၊ မတ်လ ၁၃ရက်နေ့တွင်လည်း ဒုတိယအကြိမ်အဖြစ် ကျန်ရှိသူ ပိတ်မိပြည်သူများကို ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

2 views0 comments

コメント


Pajau Media

Thanks for subscribing!

bottom of page