top of page
Writer's picturePajau Media

စစ်ရှောင်စခန်းများတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် ဆယ်ကျော်သက်နှင့် ကျောင်းနေကလေးများ များပြားလာ

ပါဂျောင်မီဒီယာ

၃၁ရက်၊ဩဂုတ်လ၊၂၀၂၄။



ကချင်ပြည်နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ရှောင်စခန်းများတွင် ဆယ်ကျော်သက်အရွယ် လူငယ်လူရွယ်များ မူးယစ်ဆေးဝါး သုံးစွဲလာမှု မြင့်တက်လာသည်ဟု စစ်ရှောင်များ ပြောပြချက်အရ သိရသည်။


ထို့နည်းတူ ကချင်လွှတ်မြောက်ရေးတပ်(KIA) ပူးပေါင်းတပ်ဖွဲ့များ၏ မတ်လ(၇)ရက်တွင် စတင်ခဲ့သည့် ထိုးစစ်ဆင်တိုက်ပွဲများကြောင့် ဝိုင်းမော်ဒေသမှ ပြည်သူအများစုမှာ နောင်ချိန်းကျေးရွာနှင့် လဘန်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်မှာ ခြောက်လနီးပါးအထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။


စစ်ရှောင်များ ပြောဆိုချက်အရ ယင်းဒေသတွင် မူးယစ်ဆေးဝါး ရောင်းချကြသူနှင့် သုံးစွဲသူလူငယ် များပြားလာပြီး၊ သုံးစွဲသူများတွင် ဆယ်ကျော်သက် လူငယ်များနှင့် ကျောင်းနေသူ ကလေးငယ်များပါ တွင်ကြယ်စွာ သုံးစွဲလာကြောင်း သိရသည်။


နောင်ချိန်းစစ်ရှောင်တစ်ဦးက “ရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါး ဘိန်းရောင်းစားတဲ့သူတွေ အရန်းများလာတယ်။ အဲဒီမှာ သုံးစွဲတဲ့သူတွေက ရပ်ကွက်ထဲကလူတွေထက် စစ်ရှောင်စခန်းက လူငယ်တွေက ပိုများလာနေတယ်။ လူငယ်တွေထဲမှာကို ဆယ်ကျော်သက်တွေက ပိုများလာနေတယ်။” ဟု ပြောသည်။


ဆယ်ကျော်သက် လူငယ်လူရွယ်များနှင့် ကျောင်းနေကလေးငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်း မြင့်တက်လာခြင်းမှာ မိဘများ ပံ့ပိုးမှုတွေ အားနည်းခြင်း၊ စစ်ရှောင်ကာလအတွင်း ခက်ခဲမှုအပြင် စာသင်ကြားရေးပိုင်းတွေ ထိရောက်စွာ မသင်ကြားနိုင်ခြင်းကြောင့် ဖြစ်သည်ဟု အထက်ပါစစ်ရှောင်က ဆက်ပြောသည်။


“အခုကျနော်တို့က မိဘတွေကိုယ်တိုင် ကိုယ့်သားသမီးတွေကို သေချာမထိန်းကျောင်းနိုင်တော့ဘူး။ ကလေးတွေလည်း ကျောင်းတက်နေပေမယ့် အခုနိုင်ငံရေးနဲ့ ကျောင်းလည်း ပိတ်လိုက်ဖွင့်လိုက်နဲ့ဆိုတော့ ပညာရေးမှာလည်း အရန်းနောက်ကျလာတယ်။ တစ်ချို့ကလေးတွေက စိတ်ဓာတ်ကျတယ်၊ ကျောင်းတက်နေပေမယ့် စိတ်မပါ၊ လေလွင့်နေတဲ့ အခြေအနေတွေကြောင့်ဖြစ်တယ်။”


လက်ရှိ စစ်ရှောင်စခန်းများတွင် လူထုအခြေပြုသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့အစည်းမှ ဒေသအတွင်း မူးယစ်ဆေးဝါး ကင်းစင်ရေး လုပ်ဆောင်မှုများ ရှိနေကြောင်း သိရသည်။


Comentarios


bottom of page