ပါဂျောင်မီဒီယာ
၁၃၊ ၉၊၂၀၂၄။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်မှ ကျေးရွာ၊ ရပ်ကွက်များတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ တပ်စွဲနေထိုင်ရန် ပြင်ဆင်မှုများ သိသိသာသာ ပြုလုပ်လာသောကြောင့် ဒေသခံပြည်သူများ စိုးရိမ်နေကြရသည်ဟု သိရသည်။
ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာတွင်တည်ရှိသည့် ဆုတောင်းတောင်တွင် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ တပ်စွဲအခြေချနေထိုင်ရန် စစ်ကြောင်းထိုးကာ ပြင်ဆင်မှုများ လုပ်ဆောင်လျှက်ရှိသည်။
ဝိုင်းမော်မြို့နယ်တွင်း တစ်ခုထဲကျန်ရှိနေသည့် ခလရ (၅၈)တပ်ရင်းနှင့် ဝူယန်ကျေးရွာတွင် အခြေချသည့် ပြည်သူ့စစ်တပ်ဖွဲ့များမှ စစ်အင်အားတိုးချဲ့ကာ ဆုတောင်းတောင်နေရာအထိ တပ်စွဲရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့မှာ အင်တာနက်လိုင်းဖြတ်တောက်ချိန်ကတည်းက စစ်ကြောင်းထိုးလှုပ်ရှားမှုများရှိနေခဲ့ပေမယ့် ပြီးခဲ့သည့် စက်တင်ဘာ ၁၁ရက်နေ့မှ စစ်အင်အားတိုးချဲ့ကာ နေရာယူတပ်စွဲမှုများကို ပိုမိုလုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။
ယင်းစစ်ကြောင်းများကို KIAပူးပေါင်းတပ်ဖွဲ့မှလည်း ကြားဖြတ်တိုက်ခိုက်မှုများ ရှိခဲ့သောကြောင့် နှစ်ဖက်စစ်ရေးမှာ တင်းမာပြီး တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည့်အပြင် ဝူယန်ပြည်သူ့စစ် စစ်ဆေးရေးဂိတ်တွင် လမ်းပိတ်ကာ ရံဖန်ရံခါ လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးမေးမြန်းမှုများလည်းရှိသည်။
အလားတူ စက်တင်ဘာ၁၁ရက်နေ့က မြစ်ကြီးနားမြို့မှ ဆယ်မိုင်အကွာတွင် တည်ရှိသည့် နောင်နန်း ဆယ်မိုင်ကျေးရွာသို့ အင်အား၃၀နီးပါးရှိသည့် စစ်ကြောင်းက ကျေးရွာအတွင်း စစ်အင်အားအပြည့်အစုံဖြင့် နေရာယူဝင်ရောက်လာခဲ့သည်။
ယင်း ဆယ်မိုင်ကျေးရွာတွင် ဝင်ရောက်နေရာယူလာသည့် စစ်ကြောင်းမှာ မြစ်ဆုံအထက်ပိုင်း လမ်းကြောင်းမှ ဆင်းလာသည့် စစ်ကြောင်းများဖြစ်ပြီး လမ်းသွားလမ်းလာများထံမှ ငွေကြေးကောက်ခံမှုများလည်းရှိခဲ့ကြောင်း ထပ်မံသိရသည်။
ကချင်ပြည်နယ်အတွင်း ဖုန်း၊အင်တာနက်လိုင်းအားလုံး ဖြတ်တောက်ပြီးနောက်ပိုင်း စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များမှာ ပြည်သူများနေထိုင်သည့် နေရာများတွင် အခြေချရန် ပြင်ဆင်လာသည့်အပြင် စစ်ကြောင်းထိုး လှုပ်ရှားမှုပါ ရှိနေကြောင်း သိရသည်။
Comments