ပါဂျောင်မီဒီယာ
၆ရက်၊ မေလ၊၂၀၂၄ခုနှစ်။
![](https://static.wixstatic.com/media/c187ce_e08d581450d8484da446124696f39520~mv2.jpg/v1/fill/w_980,h_551,al_c,q_85,usm_0.66_1.00_0.01,enc_auto/c187ce_e08d581450d8484da446124696f39520~mv2.jpg)
ပူတာအိုမြို့နယ်၊ လုံရှာယာန်ကျေးရွာ အလယ်ဗဟိုတွင် စခန်းချနေထိုင်သည့် ခ.လ.ရ(၄၆)နှင့် ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ် ပူးပေါင်းတပ်စခန်းများ၏ ခြံဝင်းပြင်ပနေရာများတွင် ပူးပေါင်းတပ်ဖွဲ့၏ မြေမြုပ်မိုင်းများကြောင့် ယင်းအနီးဝန်းကျင်ရှိ ဒေသခံများ၏ ကျွဲ၊ နွားများ နှင်းမိပြီး သေကြေပျက်စီးကြရသော်လည်း ပူးပေါင်းတပ်ဖွဲ့မှာ ပိုင်ရှင်ထံမှ မိုင်းဖိုးပြန်တောင်းနေကြသည်ဟု ဒေသခံများ ပြောကြားလာသည်။
ယမန်နေ့ မေလ ၅ရက်နေ့ နံနက်ပိုင်း ၈နာရီအချိန်ခန့်တွင် လုံရှာယာန်ကျေးရွာ ရွာလယ်ခေါင်အတွင်း အခြေချထားသည့် စခန်းမှ ကျယ်လောင်သည့် မိုင်းကွဲသံ ကြားရသောကြောင့် စုံစမ်းကြည့်ရာ ဒေသခံများ၏ ကျွဲတစ်ကောင် မိုင်းနှင်းမိပြီး သေဆုံးခဲ့ရကြောင်း သိရသည်။
“မနေ့မနက်မှာလည်း ကျွဲတစ်ကောင် ထပ်သေသွားပြီ။ ဘယ်သူ့ကျွဲလည်းမသိဘူး။ ကျွဲ၊နွားတွေကိုအခုလို သေတာမနည်းတော့ဘူး နှစ်တိုင်းပဲ၊ တစ်နှစ်ကို ဆယ်ကောင်အထက်လောက်တောင်ရှိမယ်။ သူတို့ကစစ်တပ်စခန်းကိုလည်း ရွာအလယ်ခေါင်မှာ ထိုင်ထားတယ်။ လုံခြုံရေးအရဆိုပြီး မြေမြှပ်မိုင်းတွေကို ခြံအပြင်ပတ်ပတ်လည်မှာ ထောင်ထားပြန်တယ်၊ အဲ့ဒီတော့ ရွာကကျွဲ၊ နွားတွေပဲ နင်းပြီးသေပေးနေရတယ်။” ဟု လုံရှာယန်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
![](https://static.wixstatic.com/media/c187ce_5116a7911a5443efbe067fe070ac1a6a~mv2.jpg/v1/fill/w_900,h_420,al_c,q_85,enc_auto/c187ce_5116a7911a5443efbe067fe070ac1a6a~mv2.jpg)
ကျေးရွာမှ တာဝန်ရှိသူ အုပ်ချုပ်ရေး လူကြီးများမှာ ကျေးရွာအတွင်းဖြစ်သောကြောင့် စစ်တပ်စခန်း အပြင်ဘက် ပတ်လည်ဝန်းကျင်အတွင်း နင်းမိုင်းမပြုလုပ်ထားကြရန် အကြိမ်ကြိမ်တောင်းဆိုထားသော်လည်း ယနေ့အထိ လုံခြုံရေးဟုဆိုကာ နင်းမိုင်းမြုပ်ထားဆဲ ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ပူးပေါင်းစစ်တပ်စခန်းမှ ကျေးရွာအတွင်း နင်းမိုင်းမြုပ်သည့်အပြင် မိုင်းနှင်းမိပြီး သေဆုံးခဲ့ရသည့် ကျွဲ၊ နွား ပိုင်ရှင်များကို မိုင်းဖိုး ပြန်တောင်းကြသည့်အကြာင်း အထက်ပါ ဒေသခံက ပါဂျောင်မီဒီယာသို့ ဆက်လက်ပြောကြားသည်။
“ဒါတောင်မကဘူး။ ကျွဲ၊ နွားပိုင်ရှင်တွေကို ရအောင်ဖော်ထုတ်ပြီးမှ မိုင်းဖိုးပြန်ရော်ခိုင်းတယ်။ သူတို့ရော်ခိုင်းတာလဲနည်းတာမဟုတ်ဘူး။ ကျပ်သိန်းနှစ်ဆယ်အထက် ပေးရော်နေရတယ်။ အခုလို မိုင်းနင်းမိလို့ သေသွားတဲ့တိရိစ္ဆာန်တွေကိုလည်း ပိုင်ရှင်ကစိတ်ကြိုက် ပေါ်စားခွင့်လည်းမပေးပြန်ဘူး။ သူတို့ပြန်သိမ်းတာ။”
ခ.လ.ရ (၄၆)တပ်စခန်းမှ မိုင်းနှင်းမိပြီး သေဆုံးခဲ့ရသည့် ကျွဲ၊ နွား ပိုင်ရှင်များကို မိုင်းဖိုးဟုဆိုကာ ကျပ်သိန်းနှစ်ဆယ်အထက် ပြန်တောင်းကြသောကြောင့် ဒေသခံများမှာ စစ်တပ်ကို ကြောက်ရသည့်အပြင် မိမိတိရိစ္ဆာန်များပါ ဆုံးရှုံးရသည့်အပြင် ငွေကြေးပါ ထပ်မံ ပြန်ရော်ကြရသည်ဟု ဆိုသည်။
ဒေသခံများ ပြောပြချက်အရ ယမန်နေ့ မိုင်းနှင်းမိ သေဆုံးခဲ့သည့် ကျွဲကို စစ်တပ်မှ လမ်းမပေါ်ဆွဲတင်ထားပြီး ကျေးရွာအတွင်းမှ ပိုင်ရှင်စုံစမ်းနေဆဲ ဖြစ်ကြသည့်အပြင် ကျွဲပိုင်ရှင်မှာ ယခုထက်ထိ မဖော်နိုင်သေးကြောင်း ပြောသည်။
ယခုကဲ့သို့ စစ်တပ်၏ မိုင်းထောင်မှုကြောင့် မိုင်းနှင်းမိပြီး သေဆုံးခဲ့ရသည့် ကျွဲ၊ နွားများမှာ တစ်နှစ်အတွင်း ၁၀ကောင်ထက်မနည်း ရှိကြောင်း သိရသည်။
သတင်း- မလိခူး
Comments