ပါဂျောင်မီဒီယာ
၅ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့ ကျောက်စခန်းကျေးရွာ အနီးဝန်းကျင်တွင် ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီ၏ ခ.မ.ရ (၄၃၇)တပ်ရင်းမှ ကျောက်စခန်း၊ ကွက်သစ်ရွာနှင့် အောက်ချိုင့်ရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သောကြောင့် အောက်ချိုင့်ရွာမှ အဘွားအိုတစ်ဦးနှင့် ကလေးတစ်ဦး လက်နက်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ပြောသည်။
အောက်ချိုင့်ရွာ ဒေသခံတစ်ဦး "မနေ့ကဆို လေယာဉ်က နေ့လည် (၁၂) နာရီလောက် တစ်ခါလာတယ်၊ ညနေ (၃) နာရီလောက် တစ်ခါလာတယ်၊ ဒီနေ့မနက် (၇)နာရီမှာလည်းတစ်ခါလာပြီးသွားပြီ။ လေယာဉ်က Y-12 အမျိုးအစားဆိုတော့ လေယာဉ်ကနေ ဗုံးချတာမကြားရဘူးလေ၊ တိတ်တိတ်လေး ကျလာပြီး အောက်ရောက်မှ ပေါက်ကွဲတာဆိုတော့ ပိုကြောက်ရတာပေါ့။ လေယာဉ်ဗုံးက လုန်ဂျာဘွမ်ရွာ နဲ့ လုန်ဂျာဘွမ်တောင်ခြေတစ်လျှောက် ဟိုဘက် နားလုံရွာဘက်ထိ တောက်လျှောက်ချတာ။ တစ်ခါချရင် ၄ / ၅/ ၆ လုံးတစ်ပြိုင်တည်းချတာ။” ဟု ပါဂျောင်မီဒီယာသို့ ပြောပြသည်။
ထိခိုက်ဒဏ်ရာ မရှိခဲ့သည့် အဘွားအိုနှင့် ကလေးတစ်ဦးမှာ ခြေထောက်ထိမှန် ဒဏ်ရာရရှိခဲ့သောကြောင့် ဗန်းမော်ဆေးရုံသို့ ပို့ဆောင်ရန် ကြိုးစားသော်လည်း မိုးမောက်မြို့နယ်အတွင်း နှစ်ဖက်တပ်ဖွဲ့တို့၏ စစ်ရေးအခြေအနေပြင်းထန်ကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ပို့ဆောင်ရန် လမ်းခရီးခက်ခဲနေကြောင်း သိရသည်။
ထို့ကြောင့် မိုးမောက်မြို့၊ ခါနန်ရပ်ကွက်မှ ဒေသခံ အများအပြားသည် ၁၅ မိုင်ကျေးရွာ၊ ၁၇ မိုင်ကျေးရွာနှင့် လယ်တောနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့်အပြင် ကြက်၊ ဝက်နှင့် အခြားမွေးမြူရေး လုပ်ကိုင်ကြသူများဖြစ်သည့် လူဦးရေ အနည်းစုသာ ကျန်ရှိတော့ကြောင်း သိရသည်။
ကျေးရွာအတွင်းကျန်ခဲ့သော ဒေသခံတစ်ဉီးက “ရွာထဲက အားလုံးနီးပါးပြေးကုန်ပြီ။ ၅ပုံ၁ပုံလောက်ပဲ ရွာထဲမှာကျန်ခဲ့တာ။ ကျွန်တော်တို့လည်း ကြက်အကောင်ရေ တစ်ထောင်ကျော်လောက်မွေးထားတော့ ပစ်ထားလို့လည်းမရဘူးလေ။ ရွာမှာရောင်းဖို့ ကျပြန်တော့လည်း အကုန်လုံး စစ်ဘေးရှောင်သွားကြတော့ ရောင်းလို့လည်းမရ။ ဗန်းမော်ဘက် တင်ရောင်းဖို့ကျ ပြန်တော့လည်း စစ်ဖြစ်နေတော့ လူတောင်သွားဖို့အနိုင်နိုင်။ တစ်ခြားရွေးစရာမရှိတော့ အခြေအနေကြည့်ပြီး ရွာမှာပဲနေနေရတာပေါ့။” ဟု ပြောသည်။
မိုးမောက်မြို့နယ်တွင်စစ်ကောင်စီ၏ ခ.မ.ရ(၄၃၇)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် Y-12 စစ်တပ်သုံး လေယာဉ်များဖြင့်လည်း ရွာအနီးဝန်းကျင်တွင် ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏဆိုသလို ပြုလုပ်လေ့ရှိသည်။
သတင်း - ခါနန်
Comments