top of page

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူအသက်သေဆုံးမှုများလာ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၉ရက်၊အောက်တိုဘာ၊၂၀၂၄။



စစ်ကောင်စီက ကချင်ပြည်နယ် အပါအဝင် ရှမ်းပြည်မြောက်ပိုင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များရှိသည့် ဒေသများတွင် စက်တင်ဘာလအတွင်း လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်လာသောကြောင့် အရပ်သားပြည်သူများ အသက်သေဆုံးမှုနှင့် နေအိမ်မီးလောင်ပျက်စီးမှု များပြားလာကြောင်း သိရသည်။


စက်တင်ဘာလအတွင်း လေယာဉ်ဗုံးကျဲခြင်းနှင့်လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခြင်း အများဆုံးမှာ ကချင်ပြည်နယ်မှ ဖားကန့်ဒေသ၊ ရှမ်းမြောက်မှ လားရှိုုးနှင့် နမ့်ခမ်းဒေသတို့ ဖြစ်ကြောင်း သိရသည်။


ဖားကန့်-ဆိုင်းတောင်ဒေသတွင် စက်တင်ဘာ၄ရက်နေ့မှ ထိုးစစ်ဆင်တိုက်ပွဲဆင်နွဲလာခဲ့ရာ စက်တင်ဘာ၁၂ရက်နေ့တွင် ဖားကန့်ရဲစခန်းကို သိမ်းပိုက်ထားပြီး၊ ဆိုင်းတောင်Lucky Menဟိုတယ်တွင် တပ်စွဲနေထိုင်သည့် စစ်တပ်ကိုတော့ စက်တင်ဘာ ၇ရက်နေ့ကတည်းက KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေပြီး ယမန်နေ့ အောက်တိုဘာ၈ရက်နေ့တွင် စစ်သုံ့ပန်း(၂၂)ဦးနှင့်အတူ လက်နက်အများအပြား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


ယနေ့အောက်တိုဘာ၉ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်သဖြင့် စစ်တပ်မှ စစ်သုံ့ပန်း ၃ဦးကို ယနေ့တွင် ထပ်မံဖမ်းဆီးထားသည်ဟု ဆိုသည်။


စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေပြီး တိုက်ပွဲအတွင်း လေကြောင်းအပြင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်လနီးပါးကြာမြင့်သည့် ဖားကန့်ဒေသ တိုက်ပွဲအတွင်း ပြည်သူ(၃၄)ဦး အသက်သေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၃)ဦး အထိ ရှိခဲ့ကြောင်းနှင့် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူများလည်း ရှိနေသည့်အပြင် နေအိမ်(၅၀၀)နီးပါးမှာ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။


ထို့အပြင် ရှမ်းမြောက်ဒေသတွင်လည်း လေယာဉ်ဗုံးကျဲခြင်းကြောင့် နမ့်ခမ်းနှင့် လားရှိုးဒေသမှ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ အပါအဝင် ပြည်သူစုစုပေါင်း ၁၉ဦးအထိ အသက်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၅၀)ဦးနှင့် အရပ်သားနေအိမ် မီးလောင်ပျက်စီးခဲ့ရသည့် ဖြစ်စဉ်ပေါင်း (၃၄)ကြိမ်အထိ ရှိခဲ့သည်။


စစ်ကောင်စီက လက်လွှတ်ခဲ့ရသည့် တပ်စခန်းများကို ပြန်လည်ရရှိရေးအတွက် အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် ပြည်သူအများအပြား အသက်သေဆုံးခဲ့ရပြီး၊ လက်ရှိအချိန်ထိ စစ်အင်အားတိုးချဲ့ကာ နေ့စဉ်တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page