ပါဂျောင်မီဒီယာ။
၂၀ရက်၊နိုဝင်ဘာ၊၂၀၂၄။
ကချင်ပြည်နယ် အတွင်း KIA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများ နေ့စဥ်နေ့တိုင်းဖြစ်ပွားနေပြီး KIA ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့်နေရာများကို စစ်ကောစီမှ လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းက ငြိမ်းချမ်းရေးနှင့်ပိုမို အလှမ်းဝေးစေကြောင်း ဗိုလ်မှုးကြီးနော်ဘူ မှပြောသည်။
တစ်ဖက်တွင် နိုင်ငံရေးကိုနိုင်ငံရေးနည်းလမ်းနှင့် အဖြေရှာဖို့ ပြောဆိုနေသော်လည်း စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှု ကျူးလွန်ပြီး အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး၊ အဆိုပါလုပ်ရပ်များက မြန်မာ့ ငြိမ်းချမ်းရေးအခြေအနေကို ပိုမို ရှုပ်ထွေး သွားစေပြီး စစ်တပ်ကို ပြည်သူလူထု ပိုမိုမုန်းတီးမှု သာဖြစ်စေကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ထောက်ပြပြောဆိုထားသည်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားပြည်သူများ နေထိုင်နေသည့် နေရာဒေသတွေကို ပစ်မှတ်ထားတိုက်ခိုက်နေသည့်အတွက် တိုက်ပွဲများပြီး၍ နေရပ်ပြန်နေနိုင်ပြီဖြစ်သော်လည်း အခြားအရာများထက် လေကြောင်းရန်ကို ကြောက်နေရကြောင်း နေရပ်ပြန် ဆွမ်ပရာဘွမ် ဒေသခံတစ်ဦးမှ
“ လက်ရှိမှာ နေရပ်ပြန်လာနေကြပြီ မြို့တွင်း မှာ စစ်ကျန်လက်နက်ကြီး တွေတော့ရှင်းရအုံးမယ်၊ စားရေးသောက်ရေးက တော့ တာဝန်ရှိသူတွေက ထောက်ပံ့ပေးတယ်ဆိုတော့ အခြားအရာတွေ ထက် လေယာဥ် ရန်ပဲ သတိထားနေရတယ်၊ မထင်ရင်မထင်သလို ဗုံးကျဲတာဆိုတော့ ကြောက်နေရတယ်” ဟုပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီမှ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားပြီ ဖြစ်သည့်နေရာများကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု အဆက်မပြတ်လုပ်ဆောင်နေသည်။ နိုဝင်ဘာ ၁၅ ရက်နေ့တွင် KIA သိမ်းပိုက်ထားပြီဖြစ်သည့် မြို့သစ်ကုန်းလော ကျေးရွာရှိ ကချင်နှစ်ခြင်းဘုရားကျောင်းကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်များအပါအဝင် အရပ်သား ၉ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ အလားတူ နိုဝင်ဘာ ၁၈ ရက်နေ့တွင်လည်း KIA မှသိမ်းပိုက်ထားသော ဆော့လော်မြို့နယ်၊လန်ဆယ်ကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ အသက်သေဆုံးသူများတွင် ကလေးအများစုပါဝင်နေသည်ဖြစ်ပြီး၊ ရှမ်းမြောက် ကွက်ခိုင် ရှိ TNLA ထိမ်းချုပ်နယ်မြေမှာလည်း ၁၇ရက် ညသန်းခေါင်ယံအချိန်တွင် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် ၃ ဦး အသက်သေဆုံးပြီး ၁၃ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်များမှာ ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် စစ်ကောင်စီတပ်စခန်းရှိသည့် နေရာများကို စခန်းသိမ်းတိုက်ပွဲ ဆက်လက်ဖော်ဆောင်နေပြီး KIA မှသိမ်းပိုက်ရရှိထားသည့် နေရာဒေသများကိုလည်း စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ အဆက်မပြတ်လုပ်ဆောင်နေခြင်းဖြစ်သည်။
Comments