top of page

စစ်ကောင်စီမှ ဖမ်းဆီးထားသည့် အရပ်သား (၄)ဦး ကို သုံးလကျော်သည်အထိ ပြန်မလွတ်သေး

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၉၊ ၈၊၂၀၂၄။



စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးချုပ်နှောင်ထားသည့် ပူတာအိုဒေသ ဆွမ်ပီယာန်အုပ်စုမှ ဒေသခံ(၄)ဦးကို သုံးလကျော်ကြာလာသည်အထိ လွတ်ပေးခြင်းမရှိပဲ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ဒေသခံများ‌ ပြောပြချက်အရ သိရသည်။


“ဆွမ်ပီယာန်ရွာထဲမှာဟုတ်တယ်၊ သူတို့လေးယောက်ကို ထိန်းချုပ်ထားတာ။ အစကတော့ အားလုံးပြေးကြတယ်၊ တစ်ပတ်လောက်ကြာသွားတဲ့အချိန် ရွာထဲကို ပစ္စည်းသွားယူဖို့ ပြန်သွားတဲ့အချိန် စစ်တပ်က ဖမ်းချုပ်ထားလိုက်တာ၊ အခုဆို သုံးလကျော်ပြီလေ။” ဟု ဆွမ်ပီယာန်ကျေးရွာမှ စစ်ရှောင်လာသူ အမျိုးသားတစ်ဦးက ပြောသည်။


စစ်တပ်မှဖမ်းဆီးခံရသည့် ဒေသခံ(၄)ဦးမှာ ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လှုပ်ရှားလာစဉ် ဆွမ်ပီယာန်အုပ်စုမှ ဒေသခံများ ဘေးလွတ်ရာနေရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် တစ်ပတ်ခန့်အကြာတွင် နေအိမ်သို့ ပစ္စည်းသွားယူရန် ပြန်လာသည့်အချိန်၌ စစ်တပ်မှ ဖမ်းဆီးချုပ်နှောင်ခံရခြင်းဖြစ်သည်။


ဆွမ်ပီယာန်အုပ်စုဒေသခံများမှာ ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး၊ ဖမ်းဆီးခံရသည့် ဒေသခံ(၄)ဦးလည်း ယနေ့အချိန်ထိ စစ်ရှောင်စခန်းသို့ ပြန်မရောက်လာသေးသောကြောင့် စိုးရိမ်ပူပန်နေကြရသည်ဟု ဆိုသည်။


“အဲဒီထဲက လူကြီးတစ်ယောက်ကိုတော့ သတ်လိုက်ပြီလားတောင် မသိဘူး။ တအားနှိပ်စက်ထားတယ်လို့ပြောတယ်။ နောက်ပိုင်းတော့ ဘာသတင်းမှလည်း မကြားတော့ဘူး၊ အဲဒီဘက်ကိုတော့ သွားလို့လည်းမရသေးဘူး။ ဖုန်းလိုင်းတွေလည်း ဖြတ်ထားတဲ့အခါကျတော့ ဘာသတင်းမှလည်း မကြားတော့ဘူးလေ” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။


ဆွမ်ပရာဘွမ်မြို့နယ်ကို တော်လှန်ရေးတပ်ပေါင်းစုမှ ထိန်းချုပ်လိုက်ပြီးကတည်းက စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့မှာ ဆွမ်ပီယာန်အုပ်စု အပါအဝင် ပူတာအိုအချို့ဒေသအတွင်း စစ်ကြောင်းထိုးစစ်ဆင်ခြင်း၊ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားခြင်းများ လုပ်ဆောင်သည့်အပြင် အရပ်သားပြည်သူများအား ဖမ်းဆီးစစ်ဆေးခြင်းနှင့် လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်အသုံးပြုခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဖမ်းဆီးခံရသည့် ဒေသခံ(၄)ဦးမှာ အသက်(၅၀)အရွယ် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးဖြစ်ပြီး၊ လက်ရှိ ဆွမ်ပီယာန်ကျေးရွာတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်းနှင့် အမျိုးသားတစ်ဦးမှာ သတ်ဖြတ်ခံလိုက်ရပြီဟု ဒေသခံများ ပြောဆိုနေပေမယ့် ပါဂျောင်မီဒီယာမှ သီးခြားအတည်မပြုနိုင်သေးပါ။


ဆွမ်ပီယာန်အုပ်စုတွင် ဆွမ်ပီယာန်ကျေးရွာ၊ အင်စီယာန်ကျေးရွာနှင့် ဝဒတ်ကျေးရွာမှ အိမ်ခြေစုစုပေါင်း (၁၇၀)ကျော်မှ လူဦးရေး တစ်ထောင်ကျော် စုပေါင်းနေထိုင်ကြသည့် ကျေးရွာအုပ်စုဖြစ်ပြီး၊ ပြီးခဲ့သည့် မေလမှစပြီး နှစ်ဖက်တပ်ဖွဲ့၏ စစ်ရေးလှုပ်ရှားမှုကြောင့် နေရပ်စွန့်ခွာကာ ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးဖြစ်သည်။


လက်ရှိမှာတော့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့မှာ ဆွမ်ပီယာန်ကျေးရွာနှင့် အင်စီယာန်ကျေးရွာအနီး ရှိန်ဂတ်ဘွမ်ရှေ့တန်း ဗျူဟာစခန်းနှစ်ခုတွင် အင်အားအလုံးအရင်းဖြင့် တပ်စွဲနေထိုင်နေခြင်း၊ ဒေသခံများ စွန့်ခွာခဲ့သည့် နေအိများကိုလည်း မီးရှို့ဖျက်စီးခြင်း၊ အိမ်မွေးတိရိစ္ဆာန် ကျွဲ၊နွားများကို သတ်စားခြင်းများ လုပ်ဆောင်နေသည်ဟု ဒေသခံများ ပြောသည်။


သတင်း- မလိခူး


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page