top of page

စစ်ကောင်စီမှ ဆွမ်ပီယာန်ကျေးရွာ ဒေသခံများ၏ နေအိမ်အများအပြား မီးရှို့ဖျက်ဆီး

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၈ရက်၊မေလ၊၂၀၂၄ခုနှစ်။




ကချင်ပြည်နယ်၊ ပူတာအိုဒေသ ဆွမ်ပီယာန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှ ဒေသခံပြည်သူများ၏ နေအိမ်ကို ယနေ့ မေလ ၁၈ရက် ညနေ ၃နာရီဝန်းကျင်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆွမ်ပီယာန်ဒေသခံများ ပြောပြချက်အရ သိရသည်။


ဆွမ်ပီယာန်ဒေသခံများမှာ စစ်ကောင်စီတပ်ဖွဲ့မှ အရပ်သားပြည်သူများအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းကို ကြောက်ရွံ့သောကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေစဉ် ယခုကဲ့သို့ စစ်ကောင်စီမှ လူမနေသည့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။


“စစ်တပ်က ဝဒတ်ရွာသားတွေကိုလည်း လူသားဒိုင်းကာလုပ်ပြီး ဆင်းလာတယ်ဆိုလို့ ကျတော်တို့ ကြောက်လန့်ပြီး တောထဲကို တိမ်းရှောင်သွားကြတယ်။ သိပ်မကြာခင်မှာပဲ သူတို့ ကျတော်တို့ရွာထဲ ဝင်ရောက်လာနေပြီး ရွာအတွင်း သူတို့စိတ်ကြိုက် မွေနှောက်နေကြပြီလေ၊ ကျွဲ၊ နွား၊ ကြက်၊ ဝက်တွေ သူတို့ ကြိုက်သလို သတ်စားကြတယ်။ နေအိမ်အတွင်းက အိမ်ကပစ္စည်းတွေလည်း သူတို့ကြိုက်သလို ယူသုံးကြတယ်။ ပြီးမှ ရွာကို မီးရှို့ကြတယ်။ ခုထိတော့ နေအိမ် သုံးအိမ်လောက်တော့ မီးလောင်ပြာကျသွားတယ်။ ကျနော်တို့လည်း လာလို့မရဘူးလေ။ ဘယ်သူမှလည်း မရှိဘူးဆိုတော့။ မီးလောင်သွားတဲ့ နေအိမ်က ၃အိမ်လောက်ရှိနေပြီ။” ဟု ဆွမ်ပီယာန်ကျေးရွာမှ စစ်ရှောင်တစ်ဦးက ပြောသည်။


ဒေသခံများ ပြောပြချက်အရ ဆွမ်ပီယာန်ကျေးရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့သည့် တပ်ဖွဲ့မှာ ပူတာအိုဒေသဘက်မှ ဆင်းလာသော စစ်ကြောင်းများ ဖြစ်နိုင်ကြောင်းနှင့် လမ်းတွင် ဝဒတ်ကျေးရွာမှ အရပ်သား ဒေသခံများလည်း လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်လာသည်ဟု သိရသည်။


ထို့ကြောင့် ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်ခံရမည်ကို စိုးရိမ်သောကြောင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်မှာ ပြီးခဲ့သည့် မေလ ၁၁ရက်နေ့ကတည်းက ဖြစ်၍ ပူတာအိုဘက်မှလည်း စစ်အင်အားများ ဖြည့်တင်းလျက် ရှိနေသည်ဟု ဆိုသည်။


လက်ရှိ ဆွမ်ပီယာန်ကျေးရွာတွင် တန်ပြန်ထိုးစစ်ဆင် တိုက်ပွဲများ မရှိသေးသော်လည်း နှစ်ဖက်စစ်တပ်မှ အပြန်အလှန် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး၊ လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေခြင်းကြောင့် ဆွမ်ပီယာန်ဒေသခံများမှာ မိမိဘေးလွတ်ရာ နေရာသို့ ကိုယ်ထူကိုယ်ထ တိမ်းရှောင်နေကြသည်မှာလည်း တစ်ပတ်ကျော်ကြာမြင့်လာပြီ ဖြစ်သည်။


ဆွမ်ပီယာန်ကျေးရွာသည် အိမ်ထောင်စု(၂၀၀)ဝန်းကျင်မှ လူဦးရေ (၁၀၀၀)ခန့် မှီတင်းနေထိုင်သော ကျေးရွာတစ်ခုဖြစ်ကြောင်း သိရသည်။


သတင်း - ဟူးကောင်း


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page