ပါဂျောင်မီဒီယာ (သတင်း ဆောင်းပါး)
၂ရက်၊ မတ်လ ၊၂၀၂၄
မြန်မာ နိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ သိမ်းခဲ့တဲ့ နောက် ပိုင်း လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို အာဏာသိမ်း စစ်ကောင်စီက ပြင်းပြင်းထန်ထန် ဖိနှိပ်နေတာတွေကြောင့် သတင်းသမားတွေရဲ့ အသက် လုံခြုံရေးနဲ့ ဘဝ ရှင်သန် ရပ်တည်ရေးမှာ အခက်အခဲ စိန်ခေါ်မှုတွေ ပို များလာတယ်လို့ လွတ်လပ်တဲ့ သတင်းမီဒီယာအဖွဲ့တွေက ပြောဆိုထားကြပါတယ်။
၂၀၂၁ နှောက်ပိုင်း ပို မို ဆိုးရွားလာသည့် သတင်း သမားများ ၏ အခြေအနေ
၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီဟာ သတင်းသမား ရာနဲ့ချီကို ဖမ်းဆီး အရေးယူတာတွေ လုပ်ခဲ့သလို၊ ဝါဒဖြန့် သတင်းတွေနဲ့ သတင်းမှန်တွေကို အမှောင်ချတာ အပါအဝင် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို နည်းလမ်းစုံနဲ့ ပိတ်ပင် ကန့်သတ်လာခဲ့တယ်လို့ လွတ်လပ်တဲ့ သတင်းမီဒီယာအဖွဲ့တွေက ပြောဆိုကြပါတယ်။ စစ်ကောင်စီ အုပ်ချုပ်မှု အောက်မှာ လွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေအတွက် စိန်ခေါ်မှုတွေ ပိုမို များပျား လာ ပါတယ်။
“၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတော့ ကျနော်တို့က ဆုံးဖြတ်ချက် ချပါတယ်။ အဲ့ဒါက လွတ်လပ်တဲ့ သတင်းမီဒီယာ လုပ်ငန်းကို ဆက်လုပ် ဖို့ဆိုသည့်ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲ ကတော့ စိန်ခေါ်မှုတွေထဲမှာ အကြီးဆုံးနဲ့ အခုချိန်ထိ စိန်ခေါ် နေတာကတော့ လုံခြုံမှုပေါ့။ လွတ်လပ်တဲ့ သတင်းမီဒီယာ လုပ်ငန်းကို ဆက်လုပ်မယ်ဆိုတဲ့လူတွေရဲ့ ဘဝ လုံခြုံမှု၊ သူတို့ရဲ့ အသက် လုံခြုံမှုတင်မကပါဘူး၊ သူတို့နဲ့ သက်ဆိုင်သည့် မိသားစုတွေ၊ သူတို့နဲ့ ဆက်စပ်နေတဲ့သူတွေ။ သူတို့တွေဟာလည်း ခုချိန်အထိ အသက် ရော ဘဝရော စိန်ခေါ်မှုတွေ ရှိပါတယ်။ ဒါကတော့ အကြီးဆုံး စိန်ခေါ်မှုပါပဲ။ လွတ်လပ်တဲ့ မီဒီယာရဲ့ သတင်းတန်ဖိုး၊ သတင်းအရည်အသွေး ကောင်းအောင် လုပ်ရမယ့် တာဝန် ရှိသလို၊ တဖက်မှာလည်း အဲ့ဒါကို လုပ်ဖို့အတွက် လက်တွေ့မှာ လုပ်ရတဲ့ စိန်ခေါ်မှုပေါ့။ အခုနှစ် ဒီနှစ်ပိုင်းမှာ နိုင်ငံတကာရဲ့ အကူအညီတွေက လျှော့ကျလာပါတယ်။ အဲ့ဒီအခါ ကျနော်တို့ လုပ်ရတဲ့ လုပ်ငန်းတွေမှာ စိန်ခေါ်မှု ရှိပါတယ်။” အာဏာသိမ်းမှုနောက်ပိုင်း ရုပ်သံလိုင်စင် ရုတ်သိမ်းခံရတဲ့ မဇ္ဇျိမ သတင်းဌာန အယ်ဒီတာချုပ်လည်းဖြစ်၊ မဇ္ဇျိမသတင်းဌာနကို တည်ထောင်ခဲ့သူလည်း ဖြစ်တဲ့ ဦးစိုးမြင့်က ဗွီအိုအေကို ပြောပါတယ်။
ဖမ်းဆီးခံရမှု အခြေအနေ နှင့် အခက်အခဲ
မြန်မာ နိုင်ငံမှာ အာဏာသိမ်း စစ် ကောင်စီ သတင်းထောက် ဖမ်းဆီးအရေးယူတာ၊သတင်းမီဒီယာ တွေ တော်တော်များ များ လိုင်စင် ပိတ်သိမ်းမှု များ အာဏာသိမ်းပြီးနောက် ပိုင်း ပိုမို လုပ်ဆောင်လာတာ ကြောင့် မြန်မာနိုင်ငံ မှာ သတင်း ဌာနတစ်ခု လွတ်လပ် စွာ ရပ်တည်ဖို့ အခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်။
"စစ်ကောင် စီ က ပြည်သူတွေ ကို ကြောက် စိတ် ဝင် အောင် လူ သိ များ သူ တွေ ကို စံပြအနေနဲ့ ဖမ်း ဆီး ထောင်ချ တာ တွေ လုပ် ဆောင် နေတာပါ။ စစ်ကောင်စီ ဟာ သူတို့ရဲ့ အုပ်ချူပ် မှု ကို ဆန့်ကျင် ဝေဖန်မှု မှန် သမျှကို အကြမ်းဖက် မှု လို့ သတ်မှတ်ကာ ပစ်မှတ်ထား တိုက်ခိုက် မှု တွေ လုပ်ဆောင် နေတယ် လို့ ” လွတ်လပ်သော မြန်မာ သတင်းမီဒီယာ ကောင်စီ က ပြောဆို ထားတာ ကို ဗွီအိုအယ် သတင်းဌာနမှာ ဖော်ပြချက် အရ သိပါတယ်။
လွတ်လပ်တဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေကတော့ ဘယ်လို ဖိနှိပ်မှုတွေနဲ့ အခက်အခဲတွေ ရှိရှိ၊ လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ သတင်းမှန်တွေ ပြည်သူတွေကြား ရောက်ရှိအောင်၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အနေနဲ့ မှန်ကန်တဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ထုတ်လွှင့်နိုင်အောင် ကြိုးစားကြရသလို၊ စစ်ကောင်စီက သတင်းအမှောင်ချဖို့ ကြိုးစားနေတဲ့ ခုလိုကာလမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးကြီးလာတယ်လို့ မဇ္ဇျိမ အယ်ဒီတာချုပ် ဦးစိုးမြင့်ကလည်း ပြောပါတယ်။
”အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က သတင်းတွေ အမှောင်ချ၊သူတို့ရဲ့ ဝါဒဖြန့်ချိရေးဟာတွေ ပိုပြီး များလာတယ်။ သတင်းအမှားတွေ ပိုလုပ်လာတယ်။ လူတွေကြားထဲမှာ တယောက်နဲ့တယောက် ၊ လူမျိုးစု တစုနဲ့တစုကြား အယုံ အကြည်ကင်း မဲ့ အောင်၊ လူမျိုးရေး အစွန်းရောက်တဲ့ဝါဒတွေ ထည့်သွင်းတာတွေ ပိုမို လုပ်ဆောင် လာ တာပါ။ဒီလိုအခြေအနေမျိုးမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ အရေးကြီးပါတယ်ခင်ဗျ။”
အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီး နှိပ်စက် အရေးယူ ခံရတဲ့အထဲမှာ တိုင်းရင်းသား သတင်းဌာနတွေက သတင်းထောက်တွေလည်း အများအပြား ပါ ပါတယ်။ လက်ရှိအချိန်မှာလည်း လက်နက်ကိုင် ပဋိပက္ခတွေကြား သတင်းယူနေတဲ့ တိုင်းရင်းသား သတင်းထောက်တွေ အများအပြား ရှိနေပြီး လုံခြုံရေး အာမခံချက် မရှိတဲ့ အခြေအနေအောက်မှာ စွန့်စွန့်စားစား အလုပ်လုပ်နေကြရပါတယ်။ စစ်ကောင်စီဟာ တိုင်းရင်းသားဒေသတွေ နဲ့ လက်နက်ကိုင် ပဋိပက္ခဒေသတွေမှာ အင်တာနက် နဲ့ တယ်လီဖုန်း ဆက်သွယ်ရေး ဖြတ်တောက် တာတွေ လုပ်နေတာကြောင့်လည်း သတင်းအချက်အလက် ရယူရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ တိုင်းရင်းသတင်းထောက်တွေက ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း မီဒီယာလွတ်လပ်ခွင့် လုံးဝ ဆုံးရှုံးသွားပြီး မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ အခြေအနေဟာလည်း အဆိုးဆုံးအနေအထားကို ရောက်နေပြီလို့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့တွေကလည်း ထောက်ပြ ပြောဆိုကြပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့မီဒီယာ အခြေအနေသည် ၁၀ စုနှစ် စာလောက် နောက်ပြန်ဆုတ်သွားခဲ့ပြီး မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အခြေအနေတွေ ကျဆင်းနေပြီး ကမ္ဘာတလွှား နိုင်ငံပေါင်း ၁၈၀ အနက် သတင်းလွတ်လပ်ခွင့် အဆင့် ၁၇၃ နေရာမှာ ရှိနေကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က လည်း ထောက်ပြပြောဆို ထား ပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လုပ်ငန်းဟာ အန္တရာယ်ကြီးတဲ့ အလုပ်တခုဖြစ်လာနေပြီး ဖမ်းဆီးထောင်ချတာ၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရတဲ့အထိ ကြုံနေရတယ်လို့လည်း ဖော်ပြထားတာပါ။ ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် သတင်းသမားတွေကို ဖမ်းဆီးထောင်ချ မှု ဒုတိယအများဆုံး မှာ မြန်မာနိုင်ငံဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ဖမ်းဆီးခံရသတင်းထောက်တွေ ကိုပုဒ်မတပ် တရားစွဲဆို
စစ်ကောင်စီတပ်ဟာ သတင်းသမားတွေ အပေါ် ကြိုက်ရာ ပုဒ်မဖြင့် တရား စွဲဆို ပြီး နှစ်ရှည်ထောင်ချ တာတွေ အပါ အဝင်၊အမြင့်ဆုံး ထောင်ဒဏ်၊ တစ်သက်တစ်ကျွန်း အထိ ချမှတ်တာတွေ လုပ်ဆောင်နေတာပါ။
ရုပ်သံ သတင်း ထောက်ဟောင်းလည်းဖြစ် မှတ်တမ်း ရုပ်ရှင်ဒါရိုက်တာ တစ်ဦးလည်းဖြစ်သူ ရှင်ဒေဝီကို စစ်ကောင်စီတပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မတွေ နဲ့ ဇန်နဝါရီ ၁၁ ရက်မှာ ထောင်ဒဏ်တသက်တကျွန်းချမှတ်လိုက်တယ်လို့ သတင်းတွေ ဖော်ပြချက် အရသိရ ပါတယ်။
ရှင်ဒေဝီဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ ရိုက်ကူးရေး ဒရုန်းတခုကို အွန်လိုင်းကနေ မှာယူပြီး အောင်မင်္ဂလာအဝေးပြေးဝင်းမှာ သွားရောက်ယူဆောင်ချိန် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ မိသားစုဝင်တစ်ဦးက “ရာဇဝတ်မှုကျူးလွန်တဲ့သူလည်း မဟုတ်ဘူး။ ပရဟိတစိတ် ရှိတယ်။ လူသားချင်းစာနာထောက်ထားတတ်တယ်။ သူရဲ့ ရုပ်ရှင်အလုပ်ကို လုပ်နေတယ်၊ အစားအသောက် လိုသူတွေ အဝတ်အထည်လိုသူတွေရှိရင် ပေးတယ်။ ဒီလိုလူမျိုးကို အကြမ်းဖက်ပုဒ်မနဲ့ ချတာ ကျနော်တို့မိသားစုတွေ နားမလည်နိုင်ဘူး” လို့ DVB သတင်းဌာနသို့ပြောဆိုထားပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ဖျက်သိမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်တွေ ကျဆင်းလာပြီး စစ်ကောင်စီဟာ တချိန်တုန်းကလို ဆင်ဆာဖြတ်တောက်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သတင်းမယူနိုင်အောင် ဟန့်တားတာတွေ တိုးမြှင့်လုပ်လာတာပါ။
စစ်အာဏာသိမ်းမှု နှောက်ပိုင်းမှ စ၍ မြန်မာနိုင်ငံအတွင်း သတင်း သမားများ အပေါ်သိသိသာသာ ဖိနှိပ်မှု များ ဖြစ်ပေါ်နေပြီး စစ်အာဏာသိမ်းယူလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ရီလမှ စ၍ မြန်မာတစ်နိုင်ငံလုံး ရှိ အကျဉ်းထောင်များတွင် စစ်တပ်မှဖမ်းဆီးခြင်းခံထားရသော သတင်းသမား စုစုပေါင်း (၁၇၀) ဦးအနက် (၁၁၈) ဦးသာ ပြန်လည်လွတ်မြောက်ပြီး ထောင်မှာ ဆက်လက် အကျဉ်းချ ခံရသူ အမြင့်ဆုံး ထောင်ဒဏ် ကျခံသူ များ လည်း ရှိနေ ကြောင်း လွတ်လပ်သော မြန်မာ သတင်းမီဒီယာ ကောင်စီ ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီ၏ မတရားသဖြင့် ဖမ်းဆီး မှု များ ကြောင့် ထောင်ချ ခံရသည့် သတင်းသမား (၅၂) ဦးအထိ ထိန်းသိမ်းခံ ရဆဲဖြစ်ပြီး၊ ထိန်းသိမ်းခံထား ရ သော သတင်းသမားများအား အမြန်ဆုံး ပြန်လွတ်ပေးရန်လည်း တောင်းဆို ထားပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးချိန်ကစပြီး အရပ်သား (၁၉,၉၀၅) ဦး ဖမ်းဆီးခံထားရဆဲ ကြောင်းလည်းသိရပါတယ်။
Photo Credit - Online
Comentários