top of page

စစ်ကောင်စီတပ်မှ ပူတာအို လုံရှာယန် ဒေသတွင် စစ်အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများပိုမိုလုပ်ဆောင်လာ

Writer's picture: Pajau MediaPajau Media

ပါ‌ဂျောင်မီဒီယာ။

၂၉ရက်၊အောက်တိုဘာ၊၂၀၂၄။



လက်ရှိအချိန်တွင် ပူတာအို လုံရှာယန် ကျေးရွာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်မှ စစ်အင်အားဖြည့်တင်းပြီး စစ်ရေးလုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် ဒေသခံများ တောင်ယာ အသွားအလာလမ်းတွင် စစ်ဆေးမေးမြန်းခြင်းများလုပ်ဆောင်ကာ လုံခြုံတင်းကျပ်နေသည်ဟု ဒေသခံများက ဆိုသည်။


‌‌ဒေသခံအများပိုင်းသည် တောင်ယာလုပ်ငန်းလုပ်ကိုင်ကာ အသက်မွေးကြတာဖြစ်ပြီး လက်ရှိအချိန်တွင် တောင်ယာ စပါးရိတ်သိမ်း သည့် အချိန်အခါဖြစ်ပေမဲ့ တောင်ယာ သွားလမ်းပိုင်းမှာ စစ်ဆေးရေး ဂိတ်ရှိသည့်အတွက် အရပ်သားများ လွတ်လပ်စွာ သွားလာခွင့်မရှိပဲ တားဆီးပိတ်ပင်တာတွေ ရှိနေသည့်အတွက် သွားရေးလာရေးခက်ခဲနေပြီး စိုးရိမ်ပူပန်နေ ရသည်ဟုဆိုသည်။


စစ်ကောင်စီတပ်က ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလ မှစပြီး လုံရှာယန်‌ကျေးရွာတွင် ဝင်‌ရောက်တပ်စွဲ နေထိုင်လာတာဖြစ်ပြီး လက်တလောမှာ စစ်အင်အားဖြည့်တင်းခြင်း၊ ကတုတ်ကျင်းအခိုင်အမာပြုလုပ်ပြီး လုံခြုံရေးအပြည့်နဲ့လှုပ်ရှားနေတယ်လို့ ဒေသခံတစ်ဦးက ဆိုသည်။




"ရှေ့တစ်ပတ်ကလည်း စစ်ကားသုံးစီးလောက်နဲ့ အင်အားအပြည့်ပါတဲ့စစ်ကြောင်းဖြတ်သွားတယ်၊ စစ်အင်အားဖြည့်တင်းနေတာနေမှာ၊ စစ်ပွဲ ဖြစ်လာတော့မယ်ထင်တယ်၊ အရင်စခန်းမရှိတဲ့နေရာတွေ မှာ စခန်းချနေရာယူတာတွေ များလာတယ်”လို့ဆိုသည်။


လက်ရှိ ကချင်ပြည်နယ်အတွင်း စစ်ပွဲများပြင်းထန်နေပြီး ပူတာအိုဘက်တွင်လည်း စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများရှိနေသည့်အတွက် စစ်ပွဲဖြစ်လာမည်ကို ပြည်သူများ စိုးရိမ်နေကြသည်။ မြစ်ကြီးနား-ပူတာအို လမ်းပိုင်းရှိ ဆွမ်ပီယန် ကျေးရွာတွင်စစ်ကောင်စီတပ်မှ မေလ ကတည်းမှစ၍ ရွာအတွင်း ဝင်ရောက်တပ်စွဲနေထိုင်လာသည့်အတွက် ရွာသား တစ်ထောင်ကျော် စစ်ဘေးရှောင်နေရသည်မှာ ၅ လကျော်ရှိလာပြီဖြစ်သည်။ လက်ရှိတွင် ဆောင်းရာသီ ဝင်လာပြီ ဖြစ်သည့်အတွက် အဆိုပါစစ်ရှောင်များမှာ အနွေးထည်၊စောင်နှင့် အစားသောက် ဆေးဝါးအကူအညီများလည်း လိုအပ်ကြောင်းသိရသည်။


0 views0 comments

留言


Pajau Media

Thanks for subscribing!

bottom of page