top of page

စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေရာယူထားသည့် တန်ဖရဲကျေးရွာအနီးတစ်ဝိုက်တွင် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခနဖြစ်လျက်ရှိ

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၁၇ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။



မြစ်ကြီးနား-ဆွမ်ပရာဘွမ်ကားလမ်းပိုင်းတွင် နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ ဆက်လက်တင်းမာနေဆဲဖြစ်ပြီး၊ မြစ်ကြီးနားမြို့အထက် မြစ်ဆုံအနီး တန်ဖရဲဘုရားကျောင်းဝင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ ကတုတ်ကျင်းတူးနေရာယူထားပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သိရသည်။


“ဒီမှာ သူတို့နေတာ နည်းနည်းတော့ ကြာပြီ။ ဘုရားကျောင်းဝင်းထဲမှာ နေတာ။ ချိတ်ပိတ်သော့ခတ်ထားတဲ့ တံခါးကို သော့ဖျက်ဆီးပြီး ဝင်နေထိုင်ကြတာ ဟုတ်တယ်။ ဘုရားကျောင်းဝင်းထဲနေတဲ့ သူတွေက လက်အောက်ငယ်သားတွေ မဟုတ်ဘူး။ ရာထူးကြီးပိုင်းတွေပဲလို့တော့ ပြောတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။


ဒေသခံများ သုံးသပ်ချက်အရ တန်ဖရဲကျေးရွာတွင် စစ်ကောင်စီတပ် အင်အား တစ်ထောင်ဝန်းကျင်ခန့် ရှိနိုင်ကြောင်းနှင့် အဆိုပါ စစ်အင်အားမှာ ဘုရားကျောင်းအပါအဝင် အနီးရှိ တောတောင်နေရာအနှံ့တွင် တပ်ချကာ စစ်ရေးပြင်ဆင်လျက် ရှိနေကြောင်း သိရသည်။


စစ်တပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်း ၃ရက်နေ့ကတည်းက ဆွမ်ပရာဘွမ်သွား ကားလမ်းပိုင်းတစ်လျှောက်တွင် စစ်ကြောင်းထိုး လှုပ်ရှားလာခဲ့ခြင်းဖြစ်ပြီး၊ မြစ်ဆုံအထက် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)တို့အကြား နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုမကြာခဏ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


တန်ဖရဲကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲနေရာယူထားပြီး ဖေဖော်ဝါရီ ၁၅ရက်နေ့အထိ ကျေးရွာအနီးတစ်ဝိုက်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ရှိနေခဲ့သည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ရက်နေ့တွင်လည်း တန်ဖရဲကျေးရွာအထက် ဝေရှီကျေးရွာတွင် တပ်စခန်းချထားသည့် စစ်ကောင်စီတပ်နေရာကို KIAတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။


ထို့နောက် တန်ဖရဲကျေးရွာတွင် အခြေစိုက်ထားသည့် စစ်တပ်စခန်းက ဖြတ်သန်းသွားလာခွင့်ပါ ပိတ်ပင်ထားပြီး ဝေရှီကျေးရွာအထက်ပိုင်းကို လက်နက်ကြီးများဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page