top of page

စစ်ကောင်စီ၏တကျော့ပြန်ထိုးစစ်ဆင်လာမှုကြောင့် ဝိုင်းမော်-လမြန်ကျေးရွာအပိုင်းတွင် စစ်ရေးပြန်လည်တင်းမာလျက်ရှိ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၈ရက်၊ဇန္နဝါရီ၊၂၀၂၅။



KIA တပ်မဟာ(၅)၊ အမှတ်(၃)တပ်ရင်းဒေသ ဝိုင်းမော်-လမြန်ကျေးရွာဘက်တွင် စစ်ကောင်စီတပ်ဖွဲ့က တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။


KIAနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်သည့် လမြန်ကျေးရွာနှင့် နန်ဇော်ယန်ကျေးရွာဘက်တွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်အင်အား အလုံးအရင်းဖြင့် ချီတက်လှုပ်ရှားလာပြီး ဒရုန်း၊ လက်နက်ကြီးများဖြင့် ရံဖန်ရံခါ ပစ်ခတ်နေကြောင်းသိရသည်။


“ချောင်းဆုံနဲ့ လမြန်၊ နန်ဇော်ယန်က အရမ်းမဝေးတော့ သေနတ်သံတွေ ကြားရတယ် ၊ နေ့ဘက်က သိပ်မကြားရဘူး ညဘက် ပိုကြားရတယ် “ဟု ချောင်းဆုံဒေသခံတစ်ဦးက ပြောသည်။




ပြီးခဲ့သည့် ဇန္နဝါရီ ၃ရက်နေ့ ညနေ၄နာရီအချိန်ခန့်တွင်လည်း ဝိုင်းမော်-လမြန်ကျေးရွာဘက်သို့ အင်အား(၇၀)နီးပါးရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက KIAပူးပေါင်းတပ်ဖွဲ့များ နေရာယူထားသည့် လမြန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး လှုပ်ရှားလာသောကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။


ယင်းအချိန်မှစပြီး တဆက်တည်းတည်ရှိသည့် လမြန်၊ နန်ဇော်ယာန်နှင့် ဝါရှောင်ကျေးရွာဘက်သို့ နေ့စဉ်စစ်ရေးလှုပ်ရှားမှုများ ရှိလာပြီး၊ စစ်ရေးလေ့လာသုံးသပ်သူများက ဗန်းမော်တိုက်ပွဲနှင့်စပ်လျှင်းပြီး ဝိုင်းမော်ဘက်အခြမ်းတွင်လည်း စစ်မျက်နှာဖွင့်လာနိုင်သည့် သဘောရှိသည်ဟုပြောဆိုနေကြသည်။


ချောင်းဆုံဒေသခံတစ်ဦး၏ပြောဆိုချက်အရ လမြန်ကျေးရွာတွင် ဒရုန်းနှင့် လက်နက်ကြီး ရမ်းတမ်းပစ်ခတ်မှုကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပြီး၊ အချို့ဒေသခံများမှာ ချောင်းဆုံကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသူများလည်းရှိသည်ဟုဆိုသည်။


တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က ဝိုင်းမော်၊ ခလရ(၅၈)တပ်ရင်း အရှေ့တွင် တပ်စွဲထားကာ အသွားအလာ ပိတ်စို့ထားသည့်အပြင် ဧရာဝတီမြစ်ကမ်း ကူးသို့ဆိပ်များဖြစ်သည့် ခတ်ချိုကူးသို့ဆိပ်နှင့်နောင်ဟီးကူးသို့ဆိပ်တို့ကိုလည်း ယနေ့အထိ ပိတ်ပင်ထားပြီး လုံခြုံရေးတင်းကြပ်ထားသည်။


ထို့အပြင် ဝိုင်းမော်မှစစ်ရှောင်ပြည်သူများထွက်ပြေးခိုလှုံနေသည့် နောင်းချိန်းကျေးရွာရှိ ကူးသို့ဆိပ်ကမ်းကိုလည်း မကြာသေးမှီက ယာယီပိတ်ပင်ထားသဖြင့် ဒေသခံများမှာတိုက်ပွဲဖြစ်ပွားလာပါက ထွက်ပေါက်မရှိပဲ ပိတ်မိနေမည်ကိုစိုးရိမ်နေကြကြောင်းသိရသည်။


သတင်း - ညွယ်


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page