ပါဂျောင်မီဒီယာ
၁ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။
![](https://static.wixstatic.com/media/c187ce_a5b93cbaa1624d38885b028e01e3566d~mv2.jpg/v1/fill/w_900,h_420,al_c,q_85,enc_avif,quality_auto/c187ce_a5b93cbaa1624d38885b028e01e3566d~mv2.jpg)
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ လုံရှာယာန်ကျေးရွာတွင် စစ်ကောင်စီ၏ စစ်မှုထမ်း ဆင့်ခေါ်စာများ ပေးပို့လာခြင်းကြောင့် အသက်ပြည့်သည့် ဒေသခံလူငယ်များ ဘေးလွတ်ရာ နေရာအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
"ငါတို့လုံရှာယာန်ကို ရောက်လာတဲ့ဆင့်ခေါ်စာမှာတော့ အသက် ၃၀-၃၅ ကြားကလူတွေ စုစုပေါင်း(၈၃)ယောက်ပါတယ်၊ အဲ့ဒီစာရင်းထဲက လူတွေတော်တော်များများက ရွာမှာမရှိဘူး၊ ကျောင်းဆရာ/မတွေ၊ ဘာသာရေးဆရာတွေ၊ မသန်စွမ်းတွေလည်းစာရင်းထဲပါနေတယ်။ စစ်တပ်ဘက်က ဘာတွေလုပ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်သေးဘူး၊ နောက်ထပ်လဲ ကျန်တဲ့အသက် အရွယ်အပိုင်းအခြားလူငယ်တွေလည်းပါလာနိုင်တယ်။ အဲ့ဒါကြောင့် ရွာထဲကလူငယ်တွေ ဒီတပတ်ထဲကနေ အားလုံးနီးပါး ထွက်ပြေးနေကြပြီ၊ ရွာထဲမှာတော့ သက်ကြီးပိုင်းနဲ့ ကလေးတွေလောက်ပဲ ရှိတော့တယ်" ဟု လုံရှာယာန်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
![](https://static.wixstatic.com/media/c187ce_bc82caa923dc4ab3a5a9bec9c7d950a3~mv2.jpg/v1/fill/w_980,h_1024,al_c,q_85,usm_0.66_1.00_0.01,enc_avif,quality_auto/c187ce_bc82caa923dc4ab3a5a9bec9c7d950a3~mv2.jpg)
စစ်ကောင်စီ၏ လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေတွင် လုံရှာယာန်မှ လူငယ် (၈၃)ဦးပါရှိပြီး၊ ယင်းစာရင်းထဲတွင် ကျောင်းဆရာ/ဆရာမများ၊ ဘာသာရေးးဆရာ အမှုတော်ဆောင်များနှင့် မသန်စွန်းသူများလည်း ပါဝင်နေကြောင်း သိရသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ စစ်ကောင်စီမှ စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့လာခြင်းနှင့် ပတ်သက်၍ နာမည်စာရင်း ပါဝင်နေသူ လူငယ်များမှာ မိမိအစီအစဉ်ဖြင့် တိမ်းရှောင်ကာ ပြေလည်အောင် ဖြေရှင်းယူနိုင်ဖို့ ပြောဆိုလာသည့်အပြင် အုပ်ချုပ်ရေးမှူးများမှလည်း စစ်ကောင်စီ၏ ဆင့်ခေါ်စာပေးပို့မှုကို မငြင်းဆိုနိုင်ကြောင်း ပြောဆိုလာသည်ဟု ဒေသခံများက ပြောသည်။
ထို့ကြောင့် စစ်မှုထမ်းလူငယ်စာရင်းတွင် လုံရှာယာန်ကျေးရွာအုပ်စုမှ အယောက်၈၀ကျော်သာ ပါဝင်နေသော်လည်း စစ်ကောင်စီ၏ ပေါ်လစီ မည်သို့ ပြောင်းလဲလာမည်ကို မသိရှိရသောကြောင့် ဒေသခံလူငယ်များ အားလုံနီးပါး တိမ်းရှောင်ထွက်ပြေးကြကုန်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဆင့်ခေါ်စာ နာမည်စာရင်းတွင်ပါဝင်နေသည့် လူငယ်များကို အိမ်တိုင်ရာရောက် ဖမ်းဆီးခေါ်ဆောင်နိုင်ခြေရှိသောကြောင့် မိဘပြည်သူများမှာ စိုးရိမ်ပူပန်နေကြရပြီး၊ လူငယ်များမှာ မိမိဘေးလွတ်ရာ နေရာသို့ ကြိုတင်တိမ်းရှောင် နေကြရသည်။
လုံရှာယာန်ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း (၁၁)ရွာမှ လူငယ်များအားလုံးနီးပါး တိမ်းရှောင်နေကြရပြီး၊ ကျန်ရှိနေသူ ဒေသခံများလည်း ည ၇နာရီနောက်ပိုင်း အပြင်မထွက်ရန် ရပ်ကွက်အသီးသီးတွင် ကြေငြာချက်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
သတင်း- မလိခူး
Comments