ဂျောင်မီဒီယာ။
၅ရက်၊နိုဝင်ဘာ၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_7c64857312f44d4183502103b10bf13c~mv2.jpg/v1/fill/w_600,h_527,al_c,q_80,enc_auto/c187ce_7c64857312f44d4183502103b10bf13c~mv2.jpg)
ကချင်ပြည်နယ်သာမက နိုင်ငံအနှံ့တွင်တိုက်ပွဲများဖြစ်ပွားနေသော်လည်း စစ်ကောင်စီမှ ၎င်းတို့၏အာဏာတည်တန့်ခိုင်မြဲရေး အတွက် ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေသည်။ နိုင်ငံတစ်နိုင်ငံအတွက် အချိန်တစ်ချိန်မှာ စစ်မှန်တဲ့ ရွေးကောက်ပွဲ ဆိုတာ ရှိဖို့လိုအပ်ပေမဲ့ လောလောဆယ် စစ်ကောင်စီ ပြင်ဆင်နေသည့် ရွေးကောက်ပွဲမှာ နိုင်ငံ့ကောင်းကျိုးအတွက် ကောင်းမွန်တဲ့ရလဒ်ကောင်းကို ဖော်ဆောင်နိုင်မှာမဟုတ်ကြောင်း ဗိုလ်ချူပ် ဂွမ်မော်က BBCနှင့် လက်ရှိနိုင်ငံရေးနဲ့ပတ်သက်ပြီး မေးမြန်းခန်းမှာ ပြောဆိုထားသည်။
စစ်ကောင်စီက လာမည့် ၂၀၂၅ နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် သန်းခေါင်စာရင်းကောက်ခံခြင်းကို အင်တိုက်အားတိုက် လုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံနေရာ အနှံ့၌ တိုက်ပွဲများဖြစ်ပွားနေသည်။
"ကျွန်တော်တို့စိုးမိုးထားတဲ့ နေရာဒေသတွေ မှာရွေးကောက်ပွဲ လုပ်နိုင်စရာအကြောင်းမရှိဘူး၊ ရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတဲ့အပေါ် မှာလည်း ကျွန်တော်တို့လူတွေ ကို တစ်စုံတစ်ရာ ညွန်ကြားပိတ်ပင်တာတွေ လုပ်မှာ မဟုတ်ဘူး။ စစ်ကောင်စီ က ရွေးကောက်ပွဲကို ဘယ်လိုပုံစံနဲ့ လုပ်မလဲဆိုတာကိုတော့စောင့်ကြည့်ရေးအဖွဲ့ဖွဲ့ပြီးလေ့လာသွားမယ်" ဟု ဗိုလ်ချုပ်၏ဂွမ်မော်မှပြောသည်။
လက်ရှိစစ်ကောင်စီ ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် ရလဒ်ကောင်းကို ဖော်ဆောင်နိုင်မည်မဟုတ်ပဲ ရွေးကောက်ပွဲကျင်းပနိုင်သည့်နေရာများတွင်သာ နည်း လမ်းပေါင်းစုံဖြင့် အနိုင်ရရန် လုပ်ကောင်းလုပ်နိုင်ပေမဲ့ နိုင်ငံရေးသိက္ခာ၊ နိုင်ငံရေးအရှုံးကတော့ ထင်သာမြင်သာဖြစ်မယ်လို့ထင်မြင်မိကြောင်းလည်း ဆိုထားသည်။
စစ်ကောင်စီက လက်ရှိတွင် လူအင်အား အားနည်းသွားပြီဖြစ်သော်လည်း ၎င်းတို့တွင် လေကြောင်းနှင့် လက်နက်ကြီးအင်အား ကျန်ရှိနေသေးကြောင်း၊ စစ်ကောင်စီမှာ လူအင်အားအရနည်းနေသော်လည်း စစ်လက်နက်ပစ္စည်းများအရ အနိုင်အရှုံးတိုက်ပွဲမဟုတ်သည့်တိုင်အောင် နစ်နာစေနိုင်သည့် တိုက်ခိုက်မှုများ လုပ်နိုင်သေးကြောင်း ဗိုလ်ချူပ်ဂွမ်မော် ကသုံးသပ်ထားသည်။
KIA ၏ အာဏာရှင်စနစ်ပင်မအမြစ်ဖြတ် စစ်ဆင်ရေး မှာရည်မှန်းချက်တူညီတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ နှင့် အစကတည်းမှ လက်တွဲ ဆောင်ရွက်နေပြီး၊ နွေဦးတော်လှန်ရေး ကာလမှာ ပေါ်ပေါက်လာတဲ့တော်လှန်ရေး တပ်ဖွဲ့များနှင့်လည်းအမြဲထိစပ်နေပြီး အထူးသဖြင့် MOD အဖွဲ့များနှင့် စစ်ကိုင်းအစပ်ရှိတိုက်ပွဲတစ်လျှောက် လက်တွဲဆောင်ရွက်နေပြီး အခြားအဖွဲ့များနှင့်လည်းလိုအပ်လျှင်လိုအပ်သလို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမှာ ဖြစ်ကြောင်းပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ဖိတ်ခေါ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်များကို ကမ်းလှမ်းလာသည့်အပေါ် အချိန်အခါမသင့်သည့်အချိန်ဖြစ်ပြီး၊ စေတနာနှင့်မှန်ကန်သည့်ဖိတ်ခေါ်ခြင်းဟု မမြင်မိသောကြောင့် ကမ်းလမ်းမှုကို လက်မခံဖြစ်ကြောင်းလည်းပြောသည်။
နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့အတွက် တိုင်းရင်းသားအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကတော့ တစ်ချိန်ချိန်မှာ လုပ်ကို လုပ်ရမှာဖြစ်ပြီး ထိုသို့လုပ်ဆောင်မှသာ နိုင်ငံရေးပဋိပက္ခကို နိဂုံးချုပ်လို့ရမှာဖြစ်ကြောင်း၊ နောက်ဆုံးတွင် နိုင်ငံရေးစကားပွဲကိုရောက်ရှိဖို့လိုအပ်ကြောင်း၊ သို့ပေမယ့် ***NCA ကဲ့သို့သော သဘောတူညီချက်ဖြစ်မည် မဟုတ်ကြောင်း*** ပြောဆိုထားသည်။
မြန်မာ့ပဠိပက္ခ ပြေလည်ရေးအတွက် အဓိက ကျသည်မှာ နိုင်ငံရေးဆန္ဒ မပျောက်ရန်၊နိုင်ငံရေးဆန္ဒကို တူညီအောင်ညှိနှိုင်းရန်၊ တစ်ဖက်နဲ့တစ်ဖက် ခွင့်လွှတ်မရနိုင်သည့်အမှားမျိုးထပ်မလုပ်မိရန် နှင့် ထိုအချက် ၃ ချက်ကို သတိထားပြီး လုပ်ဆောင်နိုင်မည်ဆိုလျှင် အားလုံးပါဝင်ဆွေးနွေးလို့ရမည့် အနေအထားကို ရောက်ရှိနိုင်မှာ ဖြစ်ကြောင်းပြောဆိုထားသည်။
Comments