ပါဂျောင်မီဒီယာ။
၉ရက်၊အောက်တိုဘာ၊၂၀၂၄။
တရုတ်ပြည်နယ်စပ် ကန်ပိုင်တည်မှ မြစ်ကြီးနားမြို့သို့ သယ်ယူပို့ဆောင်လျှက်ရှိသော စက်သုံးဆီသယ်ယာဉ်များကို စက်တင်ဘာလ ၂၆ ရက်နေ့မှစ၍ ဗလမင်းထင်တံတားမှ ဖြတ်သန်းခွင့်ပိတ်ပင်လိုက်ပြီးနောက် မြစ်ကြီးနားမြို့တွင် ဓာတ်ဆီ၁လီတာ ၇၃၀၀ ကျပ်အထိမြင့်တက်ခဲ့သည်။ သို့သော် ပြီးခဲ့သည် အောက်တိုဘာ ၄ရက်နေ့မှစတင်ကာ ဆီကားအချို့ကိုဖြတ်သန်းခွင့်ပြုနေပြီဖြစ်ကြောင်းသိရသည်။
"အစကတော့ တံတားမှာ ဓာတ်ဆီဘောက်ဆာကားတွေမဖြတ်ခိုင်းဘူး ၊ဒီဇယ်ဘောက်ဆာကားတွေပဲဖြတ်ခိုင်းတယ်၊ ဒီဇယ်ကိုမှ ပေပါနဲ့တင်တဲ့ကားတွေမဖြတ်ခိုင်းဘူး၊ ဒါပေမဲ့ အခုရက်ပိုင်းကျ ဓာတ်ဆီကော ဒီဇယ်ဘောက်ဆာတွေကော၊ပေပါနဲ့တင်တဲ့ကားတွေကောဖြတ်နေကြပြီ၊ သူ့ပိုင်ရာဆိုင်ရာနဲ့ညှိပြီးဖြတ်ကြတာလေ" ဟု ဗလမင်းထင်တံတားအနီးတွင်နေထိုင်သူ တစ်ဦးမှပြောသည်။
အဆိုပါ ဆီဘောက်ဆာကားများဝင်ရောက်လာသော်လည်း ဆီဈေးနှုန်းများ မကျဆင်းရခြင်းမှာ ဆီလုပ်ငန်းလုပ်ကိုင်သူအများစုသည် အကျိုးအမြတ်များသည့် ဖားကန့်၊တနိုင်း၊ပူတာအို ကဲ့သို့သော ရွှေမှော်၊ကျောက်မှော်များရှိရာသို့သာ အဓိကထားတင်ပို့ရောင်းချနေခြင်းကြောင့်ဖြစ်ပြီး မြို့ပေါ်တွင်ရောင်းချမှုအလွန်နည်းသည်ဟု သိရသည်။
ထို့အပြင် မန်းလေး-အင်းတော်-မြစ်ကြီးနားလမ်းပိုင်းကိုလည်း ယခုရက်ပိုင်း ပြန်လည်ပိတ်ပင်လိုက်သောကြောင့် ကုန်ဈေးနှုန်းများယခုထက် ပိုမိုမြင့်တက်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံပြည်သူများကပြောသည်။
Comments