top of page

ခရန်ခမြစ် ရေကြီးရေလျှံမှုကြောင့် ခရန်ခမြစ်ဘေးရှိ ဒရီယာန်ရွာရေလွှမ်းကာ ရွာရှိဒေသခံများ အကူအညီများစွာလိုအပ်နေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၄ရက်၊ ဇွန်လ၊ ၂၀၂၄ခုနှစ်။




ပူတာအိုဒေသတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် လွန်ခဲ့သော မေလ (၃၀) ရက်နေ့က ခရန်ခမြစ်ရေကြီးရေလျှံမှုကြောင့် ခရန်ခမြစ်ဘေးရှိ ဒရီယာန်ရွာ ရေလွှမ်းမှုဖြစ်ကာ ဒေသခံများ၏နေအိမ် ၁၀ လုံး ကျော်ခန့်မြစ်ရေစီးထဲတွင်မျှောပါသွားသဖြင့် ဒေသခံများ အခက်အခဲဖြစ်ကာ အကူအညီများစွာ လိုအပ်နေကြောင်းသိရသည်။

လက်ရှိတွင် ရေဘေးသင့် ဒရီယာန်ရွာမှဒေသခံများသည် ရွာရှိဘုရားကျောင်း နှင့်ရေဘေးလွတ်ရာ နေရာရှိ ဒေသခံများ၏နေအိမ်များတွင် စုပေါင်းနေထိုင်ပြီး၊ အစားအသောက်များကိုလည်း ခြိုးခြံချွေတာကာအတူတကွ စားသုံးနေထိုင်နေရသောကြောင့် အခြေခံစားသောက်ကုန်များနှင့်နေ့စဉ်သုံးပစ္စည်းများ အကူအညီလိုအပ်နေခြင်းဖြစ်သည်။


မိုးကာလဖြစ်သောကြောင့် မိုးသည်းသည်သာမက တောင်ကျချောင်းများပါ ရုတ်တရက်ရေကြီး လာသောကြောင့် ပြည်သူများနေထိုင်ရာရွာများ ရေကြီးရေလျှံမှုဖြစ်ကာ၊ နေအိမ်များရေစီးထဲတွင်မျှောပါသွားပြီး ယခုလက်ရှိအချိန်တွင် ရေဘေးသင့်ပြည်သူများ ပိုမိုများပြားလာလျှက်ရှိသည်။


ဒေသခံပြည်သူများ၏ပြောကြားချက်အရ ဒရီယာန်ရွာတွင် နယ်အရပ်ရပ်ရှိပြည်သူများလာရောက်နေထိုင်ပြီး ရွှေတူးဖော်ကာ ရွှေလုပ်ငန်းများလုပ်ကိုင်သည်မှာ ၁၀ စုနှစ်အထက်ကြာရှည်ပြီဖြစ်သောကြောင့် ရေလမ်းကြောင်းနှင့်မြေအနေအထားများပြောင်းလဲကာ ယခုကဲ့သို့ မိုးကြီးသည် နှင့် တစ်ပြိုင်နက် တောင်ကျချောင်းရေများပါရုတ်တရက်ကြီးကာ ရေကြီးရေလျှံရခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။ ထို့အပြင် ပူတာအိုဒေသအတွင်းရေကြီးရေလျှံမှုမှာ ယခင်နှစ်များထက် ယခုနှစ်အတွင်းပိုမိုဆိုးရွားလာခြင်းဖြစ်သည်။


ပူတာအိုခရိုင်ရှိ ဒရီယာန်ရွာ သည် ယခင်ကတည်းက ဖုန်းလိုင်းအဆက်အသွယ်များရရှိရန်ခက်ခဲသည် သာမက မိုးတွင်းတွင် သွားလာရအလွန်ခက်ခဲကြမ်းတမ်းသောနေရာဒေသဖြစ်သည်။ ယခုနှစ်အတွင်း ရေကြီးရေလျှံမှုကြောင့် ဒရီယာန်ရွာရှိဒေသခံပြည်သူများအပါအဝင်၊ ချီဖွေမြို့ နှင့် မေခ မြစ်တစ်လျှောက်တွင်နေထိုင်သော ဒေသခံပြည်သူများပါ ရေဘေးသင့်ကာ အခက်အခဲများစွာကြုံတွေ့နေရခြင်းဖြစ်သည်။


အလားတူ မေလ (၂၉) ရက်နေ့တွင်လည်း ချီဖွေမြို့ရှိ မျောမောပါရွာတွင် တောင်ကျချောင်းရေရုတ်တရက် ရေကြီးရေလျှံမှုဖြစ်ပြီး ဒေသခံပြည်သူများ၏နေအိမ်များ ရေစီးထဲတွင်မျောပါကာ အသက် (၅၀)ဝန်းကျင်ခန့်အရွယ်ရှိ ဒေသခံ အမျိုးသမီးတစ်ဉီးအသက်သေဆုံးခဲ့ရသည်။ ထို့အပြင် ချီဖွေ ဆော့လော်ဒေသရှိ ပြည်သူများဖြတ်သန်းသွားလာရာ တံတားတစ်စင်းသည်လည်း မြစ်ရေကြီးရေလျှံမှုကြောင့် ရေစီးထဲတွင်မျှောပါသွားကာ ယခုအချိန်တွင်ဒေသခံပြည်သူများ သွားလာရအလွန်ခက်ခဲနေကြောင်းသိရသည်။


0 views0 comments

コメント


Pajau Media

Thanks for subscribing!

bottom of page