ပါဂျောင်မီဒီယာ။
၁၁ရက်၊အောက်တိုဘာ၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_c3f3d579dee5409f96774fcb5bebc5c8~mv2.jpg/v1/fill/w_720,h_540,al_c,q_85,enc_auto/c187ce_c3f3d579dee5409f96774fcb5bebc5c8~mv2.jpg)
တရုတ်နယ်စပ် ကချင်အထူးဒေသ(၁) ဌာနချုပ်ရှိရာ ပန်ဝါမြို့အနီးတွင် ယမန်နေ့ အောက်တိုဘာ ၁၀ရက်နေ့မှစပြီး ကချင်လွှတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ လေကြောင်း အသုံးပြုတိုက်ခိုက်ခဲ့သည့်အပြင် ယနေ့အချိန်အထိ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
တိုက်ပွဲပြင်းထန်နေသည့်နေရာမှာ ချီဖွေမြို့နှင့် ပန်ဝါမြို့အကြားရှိ လုပြည်ကျေးရွာဖြစ်ပြီး၊ စစ်ကောင်စီက လေကြောင်းအသုံးပြုကာ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ၂၉ရက်နေ့တွင် ချီဖွေမြို့နှင့် အောက်တိုဘာ၂ရက်နေ့တွင် ဆော့လော်မြို့ကို သိမ်းပိုက်ပြီးနောက် နှစ်ဖက်တပ်ဖွဲ့၏ ထိတွေ့တိုက်ပွဲများမှာ ချီဖွေ-ပန်ဝါသွားလမ်းတကြောသို့ ဦးတည်လာသည့်အပြင် ပန်ဝါမြို့အနီးထိ တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်သည်။
ချီဖွေဒေသနှင့် ပန်ဝါဒေသတို့တွင် နှစ်ဖက်တပ်ဖွဲ့မှ ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး၊ လုပြည်ကျေးရွာမှ ဒေသခံများအပြင် ချီဖွေမြို့ ဒေသခံများမှာ ဘေးလွှတ်ရာနေရာဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ အများစုမှာ ပန်ဝါမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု ဒေသခံများကပြောသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ချီဖွေနှင့် ဆော့လော်မြို့နှစ်မြို့ကို သိမ်းပိုက်ပြီးနောက် ပန်ဝါမြို့သို့ စစ်မျက်နှာဦးတည်လာသည်ကို စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့မှလည်း လက်မလွှတ်ရေး လေကြောင်းအပါ အပြင်းအထန် ခုခံတိုက်ခိုက်နေခြင်းကြောင့် ဦးဇခုန်တိန့်ယိန်းဦးအောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
コメント