ပါဂျောင်မီဒီယာ
၇ရက်၊နိုဝင်ဘာ၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_e69adc7c747244728b5cf3f1ca663cfd~mv2.jpg/v1/fill/w_719,h_540,al_c,q_85,enc_auto/c187ce_e69adc7c747244728b5cf3f1ca663cfd~mv2.jpg)
ကချင်အထူးဒေသ(၁) ထိန်းချုပ်နယ်မြေရှိ ချီဖွေမြို့သိမ်းတိုက်ပွဲကြောင့် ပြောင်းရွှေ့ခံရသည့် ချီဖွေခရိုင်မှ ကျန်းမာရေးဝန်ထန်းများနှင့် ပညာရေးဝန်ထမ်းများမှာ ယခုထက်ထိ ပုံမှန်လစာမရရှိပဲ ခက်ခဲနေကြသည်ဟု ချီဖွေမြို့မှ မြစ်ကြီးနားမြို့သို့ ရွှေ့ပြောင်းလာသည့် ပညာရေးဝန်ထမ်းများ ပြောပြချက်အရ သိရသည်။
နေရာပြောင်းရွှေ့ခံရသော အဆိုပါ ဝန်ထမ်းများမှာ အစိုးရလုပ်ငန်းတာဝန်ကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေသေးပေမယ့် စစ်အစိုးရက စက်တင်ဘာလနှင့် အောက်တိုဘာလအတွက် လစာများကိုတော့ ယခုထက်ထိ ထုတ်ပေးခြင်း မရှိသေးကြောင်း ချီဖွေမြို့မှ ပညာရေးဝန်ထမ်းတစ်ဦးက ပါဂျောင်မီဒီယာသို့ ယခုကဲ့သို့ ပြောသည်။
“မြစ်ကြီးနားမှာ အလုပ်ဝင်တာ ၁ လပြည့်ပြီ လစာကတော့ မထုတ်ပေးသေးဘူး။ စက်တင်ဘာလအတွက်ရောပဲ၊ ချီဖွေကနေ ကိုယ်လွတ်ရုန်းထွက်ပြေးလာရတော့ ပစ္စည်းတွေအကုန် ထားခဲ့ရတယ်၊ အခုက ကုန်ဈေးနှုန်းတွေလဲ မြင့်သထက်မြင့်လာတာဆိုတော့ စားဝတ်နေရေးအတွက် အရမ်းခက်ခဲလာတယ်။” ဟု ပြောသည်။
![](https://static.wixstatic.com/media/c187ce_938effd3373b4614b7a21eee166f8b50~mv2.jpg/v1/fill/w_738,h_1176,al_c,q_85,enc_auto/c187ce_938effd3373b4614b7a21eee166f8b50~mv2.jpg)
ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် စက်တင်ဘာလ၂၉ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ကျန်းမာရေးဝန်ထမ်းနှင့် ပညာရေးဝန်ထမ်းများကိုတော့ အောက်တိုဘာလ၃၀ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ သက်ဆိုင်ရာ အစိုးရရုံးများသို့ တွဲဖက်ဝန်ထမ်းအဖြစ် အစိုးရမှ အသီးသီး ခန့်အပ်ခဲ့သည်ဟု ဆိုသည်။
ချီဖွေမြို့သိမ်းတိုက်ပွဲကြောင့် မြစ်ကြီးနားမြို့သို့ တွဲဖက်ဝန်ထမ်းအဖြစ် ပြောင်းရွှေ့ခံရသော ဝန်ထမ်းများမှာ စက်တင်ဘာလမှစပြီး လုပ်ခလစာမရရှိသည့်အပြင် လက်ရှိ ကုန်ဈေးနှုန်းမြင့်တက်မှုနှုန်းကြောင့်လည်း ဝန်ထမ်းများအတွက် ပို၍ ခက်ခဲစေသည်ဟု အထက်ပါ ဝန်ထမ်းက ဆက်ပြောသည်။
“အခုက တစ်ရက်ဈေးဖိုးအတွက် ကုန်ကျစရိတ်က ၂ သောင်း ၃ သောင်းဝန်းကျင်လောက်ရှိတယ်။ တစ်ခါတစ်လေတော့ ချေးငှားပြီးတော့ ရှာဖွေစားသောက်နေရတာပါပဲ။ ဆန်တစ်အိတ် ၁သိန်းကျော်၊ ကြက်ဥတစ်လုံးတောင် ၈၀၀၊ ၉၀၀ ရှိနေပြီဆိုတော့ အဆင်မပြေတာတွေ အရမ်းများလာတယ်။ သူများဆီကပဲ ခိုကပ်စားနေရတယ်”ဟု ပြောသည်။
ချီဖွေခရိုင် အစိုးရဝန်ထမ်းများမှာ ပုံမှန်လစာမရရှိသော်လည်း နေ့စဉ်ပုံမှန် အလုပ်ဆင်းနေရပြီး၊ အစိုးရဝန်ထမ်း လုပ်ခလစာ သုံးသိန်းကျော်ဖြင့် ယခုကုန်ဈေးနှုန်းမှာ မလောက်ငှကြသည့်အပြင် နှစ်လကျော်ကြာလာသည်အထိ လစာမရရှိသောကြောင့်လည်း နေ့စဉ် ခက်ခက်ခဲခဲ ရုန်းကန်နေရကြောင်း ပြောသည်။ ထို့အပြင် ဝန်ထမ်းများ လုပ်ခလစာရရှိစေရန် တာဝန်ယူဆောင်ရွက်ပေးဖို့ တာဝန်ရှိသည့် အထက်အရာရှိများထံ စာဖြင့် တင်ပြတောင်းဆိုမှုများလည်း လုပ်ဆောင်ထားကြောင်း သိရသည်။
နောက်ထပ် ဝန်ထမ်းတစ်ဦးမှလည်း အစိုးရမှ နှစ်လစာအတွက် လစာထုတ်မပေးသေးသည့် အကြောင်းအရင်းကို “အခုချီဖွေမြို့ကို KIOထိန်းချုပ်နယ်မြေလုပ်လိုက်တော့ အစိုးရရုံးဌာနတွေအားလုံးက KIOနေရာတွေ ဖြစ်သွားပြီလေ။ ကျောင်းကိုတောင်မှ KIOကျောင်းဖွင့်ဖို့ လုပ်နေကြတာ။ အဲ့ဒီမှာ လုပ်မဲ့ကျောင်းဆရာမတွေကို တစ်လနှစ်သိန်းခွဲနဲ့ ဆန်တစ်အိတ်ပေးမယ်လို့ ပြောတယ်။ အဲ့သတင်းတွေ ပေါက်ကြားသွားလို့ ဆရာမတွေကို အဲ့ဘက်မသွားစေချင်လို့ တမင်ထုတ်မပေးတာလားမသိဘူးလို့ ပြောနေကြတာ” ဟု ပြောသည်။
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က စက်တင်ဘာလ၂၉ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားပြီး နောက်နေ့တွင် နယ်မြေရှင်းလင်းရေးကို ချက်ချင်းဆိုသလို လုပ်ဆောင်ခဲ့ကာ အစိုးရရုံးများကို ချိတ်ပိတ်ပြီး၊ အောက်တိုဘာလဆန်းမှာတော့ ချီဖွေတစ်မြို့လုံးအား KIOအုပ်ချုပ်ရေးယန္တယား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
コメント