top of page
Writer's picturePajau Media

ခုနှစ်လနီးပါးစစ်ပြေးရှောင်နေသည့် ဒေါ့ဖုန်းယာန်စစ်ရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီလိုအပ်နေ

ပါဂျောင်မီဒီယာ

၄ရက်၊အောက်တိုဘာ၊၂၀၂၄။



ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှ ဒေါ့ဖုန်းယန်နှင့် နွမ်လန်စစ်ရှောင်စခန်းများတွင် နေထိုင်သည့် စစ်ပြေးရှောင်များမှာ စစ်ရှောင်ကာလ ကြာမြင့်လာသည့်အလျောက် စားနပ်ရိက္ခာနှင့် ကူညီထောက်ပံ့မှုများ လျှော့နည်းလာခြင်းကြောင့် အစားအသောက်ပြတ်လပ်လာသည့်အပြင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီထောက်ပံ့မှု အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးပြောကြားချက်အရ သိရသည်။


“စစ်ရှောင်ခါစကတော့ ကုလားပဲ၊ ဆန်၊ ဆီ၊ ဆားတွေ ထုတ်ပေးတယ်။ နောက်ပိုင်းတော့ လူများလာလို့ထင်တယ်၊ မထုတ်ပေးတော့ဘူး။ ကြာလာတော့ ရှာစားဖို့လဲ အဆင်မပြေတော့ အရမ်းခက်ခဲလာတာပေါ့။”ဟု ဒေါ့ဖုန်းယာန် စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။


စစ်ရှောင်များ ပြောဆိုချက်အရ ဒေါ့ဖုန်းယာန်စစ်ရှောင်စခန်းအပြင် နွမ်လန်၊ နှောင်းအိန်စသည့် စစ်ရှောင်စခန်းများတွင် KIA နှင့် စစ်ကောင်စီတပ်ဖွဲ့များ၏ နေ့စဉ်ထိတွေ့သည့် တိုက်ပွဲများကြောင့် စစ်ရှောင်ဦးရေမှာ နေ့စဉ်နှင့်အမျှ ထပ်တိုးနေဆဲဖြစ်ပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီ ထောက်ပံ့မှုများ လိုအပ်နေခဲ့သည်ဟု ဆိုသည်။


မွေးကင်းစ ကလေးငယ်များအတွက် ကာကယ်ဆေးလိုအပ်မှုအပြင် ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည်ဖျားနာသူ အဘိုးအဘွားများအတွက် လိုအပ်သည့် ဆေးဝါးအကူအညီများနှင့် လက်ရှိအဖြစ်များနေသည့် ငှက်ဖျားအတွက်လိုအပ်သည့် ဆေးဝါးပင် မလုံလောက်ပဲ အရေးတကြီး လိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။


နွမ်လန်စစ်ရှောင်တစ်ဦးက “ခုချိန်ငှက်ဖျားအဖြစ်များနေကြ‌တယ်။ ဆေးဝါးမလုံလောက်မှုတွေရှိတယ်။ ဆေးခန်းတော့ရှိတယ်။ ဆေးကတော့ မလောက်ဘူး။ ပြမယ်ဆို ဆေးရုံက လိုင်ဇာထိသွားပြရတာ။ ကိုယ်ဝန်သည်နဲ့ အဖိုးအဘွားတွေအတွက်က အရမ်းခက်ခဲတယ်” ဟု ထပ်မံပြောသည်။


ဒေါ့ဖုန်းယာန်မြို့အခြေစိုက်သည့် ခလရ (၁၄၂) တပ်ရင်းအပါအဝင် မြစ်ကြီးနား-ဗန်းမော်လမ်းကြောင်းတလျှောက် လိုင်ဇာအနီး၊ မိုးမောက်မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း အများအပြားကို ကချင်လွှတ်လပ်ရေးတပ်မတော် (KIA) က ပြီးခဲ့သည့် မတ်လ ၇ရက်နေ့တွင် တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မတ်လ၈ရက်နေ့မှာတော့ ဒေါ့ဖုန်းယာန်မှ ခလရ (၁၄၂)တပ်ရင်းမှာ KIA ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ချခဲ့သည်။


ယင်းအချိန်မှစပြီး ဒေါ့ဖုန်းယာန် ဒေသခံအများစုမှာ လုံခြုံသည့်နီးစပ်ရာဒေသတွင် ကိုယ်ထူကိုယ်ထ စစ်ရှောင်စခန်းတည်ဆောက်နေထိုင်ကြသလို ဒေါ့ဖုန်းယာန်အနီးရှိ နွမ်လန်၊ နှောင်းအိန် စသည့်နေရာဒေသများအထိ စစ်ပြေးရှောင်လာကြသည်။


လက်ရှိအချိန်တွင် စစ်ပြေးရှောင်ကာလ ၇လနီးပါး ကြာမြင့်လာပြီဖြစ်သည့် အထက်ပါစစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများစွာ လိုအပ်နေခဲ့ပြီး စစ်ရှောင်ဦးရေပေါင်း တစ်သောင်းနီးပါးအထိ ရှိနေကြောင်း သိရသည်။


Comentários


bottom of page