ပါဂျောင်မီဒီယာ (သတင်းဆောင်းပါး)
၇ရက်၊ဒီဇင်ဘာ၊၂၀၂၄။
ယနေ့ခေတ်လူငယ်တွေကြားထဲမှာရေပန်းစားနေတဲ့ ဝေါ်ကိ၊မုန့်၊ဂန်ဂျာ လို့အမျိုးမျိုးခေါ်ကြတဲ့ဆေးခြောက်ဟာ လူငယ်အများစုရဲ့စိတ်ကူးတွေထဲမှာ နေရာယူထားပါတယ်။
လူငယ်တော်တော်များများကို ဆေးခြောက်နဲ့ပတ်သက်ပြီးမေးမြန်းကြည့်တဲ့အခါမှာ ဆေးခြောက်ကိုလူငယ်တွေက မူးယစ်ဆေးဝါးလို့မမြင်ပါဘူး၊လူငယ်တွေဟာ ဆေးခြောက်ကို ဆေးလိပ်လိုမျိုး သဘောထားပြီး သောက်နေကြတာလို့လူငယ်တစ်ဦးကပြောပါတယ်။
"ဝေါ်ကိကဆေးလိပ်လိုပါဘဲ အာနိသင်ကသိပ်မပျင်းပါဘူး ၊ဝေါ်ကိသောက်ပြီးရင်ပျော်တယ်၊သူငယ်ချင်းတွေနဲ့အတူသောက်ပြီးရင် ပျော်စရာတွေပြောကြပြီးပျော်ရတယ်၊စိတ်အရမ်းညစ်နေရင်ဝေါ်ကိသောက်လိုက်တာနဲ့ စိတ်ညစ်ပြေသွားတယ်၊ဒါကြောင့်ခဏခဏသောက်ဖြစ်တယ်၊"လို့ အသက်၁၉နှစ်အရွယ် လူငယ်ကပြောပါတယ်။
ဆေးခြောက်ဝယ်ရတာဈေးတက်လာလို့ ဆေးခြောက်ပင်တွေကိုအိမ်မှာစမ်းပြီးစိုက်ပျိုးတာတွေတောင်ရှိလာနေပြီလို့ နောက်ထပ်လူငယ်တဦးကပြောပါတယ်။
"ဆေးခြောက်က အခုဆိုရင်ဈေးအရမ်းကြီးလာလို့ အိမ်မှာစမ်းစိုက်ကြည့်နေတာ၊ရေမြေကွာလို့လားဘာလို့လဲမသိဘူး အဖူးတွေသိပ်မထွက်ဘူး၊ မျိုးစေ့လဲ ထိုင်းကယူလာတာ၊ ထိုင်းနိုင်ငံမှာလိုဆေးခြောက်ကိုတရားဝင်ရောင်းဝယ်ခွင့်ရရင်ကောင်းမယ်၊"လို့ ဆေးခြောက်ပင်စမ်းစိုက်နေတဲ့အသက်၂၈အရွယ်လူငယ်ကပြောပါတယ်။
ဆေးခြောက်ရောင်းဝယ်ဖောက်ကားမှုက လူမှုပတ်ဝန်းကျင်မှာ အရှိန်အဟုန်နဲ့ထိုးတက်လာနေပါတယ်။ ဆေးခြောက်ကို ဘန်ကောက်ကနေ တိုက်ရိုက်တင်သွင်းရောင်းချနေပြီး ဝယ်ယူသုံးစွဲသူများကာအမြတ်အများကြီးကျန်တယ်လို့ ဆေးခြောက်ဖြန့်ဖြူးနေတဲ့လူငယ်ကပြောပါတယ်။
"ဆေးခြောက်ကို ဘန်ကောက်ကနေတိုက်ရိုက်ယူရောင်းတာ၊တရက်ကို သိန်း၄၀ဖိုးလောက်ရောင်းရတယ်၊ (1)gကိုကျပ်ငွေ၃၅၀၀၀ပေါက်ဈေးနဲ့ ဝယ်ယူတဲ့သူတဦးကို အနည်းဆုံး(3)g ကနေစပြီးရောင်းပေးတယ်၊ဆေးခြောက်ရောင်းပြီးကားစီးနိုင်တယ် ၊အိမ်ဆောက်နိုင်တယ်၊ သူဌေးလိုသုံးနိုင်လာတယ်၊"လို့ သူကပြောပါတယ်။
ဆေးခြောက်ကို အလွန်အကျွံသုံးစွဲသဖြင့် အိပ်ယာထဲမှမထနိုင်ကာ ခန္ဓာကိုယ်ထုံထိုင်းပြီး အလုပ်လုပ်ကိုင်ချင်စိတ်ပျောက်သွားတယ်လို့ အသက်၂၉နှစ်အရွယ်လူငယ်ကသူ့အတွေ့အကြုံကိုပြောပြပါတယ်။
"ကျွန်တော့အစ်ကိုပေါ့ ဆေးခြောက်ကို အခန်းအောင်းပြီးရှယ်သောက်တာ ၊ဆယ်ရက်လောက်ဆက်တိုက်သောက်ပြီးတဲ့အခါ အစားလုံးဝမစားတော့ဘူး ၊အိပ်ခန်းထဲကလဲ မထွက်နိုင်တော့ဘူး၊အိပ်ဘဲ အိပ်နေတော့တာ၊ပေါင်ချိန်၁၄၅ရှိတဲ့ခန္ဓာကိုယ်က ပေါင်၁၁၀လောက်ဘဲ ကျန်တော့လောက်အောင်ပိန်စုတ်သွားတာ၊ထုံထိုင်းပြီးအလုပ်လဲ မလုပ်ချင်တော့ဘူး ၊ ကြာရင်သေမှာစိုးလို့ မနည်းပြန်ကုထားရတယ်၊"လို့ သူကပြောပါတယ်။
လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ဆေးခြောက်အန္တရာယ်ကို အမြင်ဖွင့်သင်တန်းတွေ ဟောပြောပွဲတွေ များများလုပ်ပေးဖို့ လိုမယ်လို့ သူကဆက်ပြောပါတယ်။
နိုင်ငံရေးပဋိပက္ခတွေကြားက လူငယ်တွေဟာအလုပ်အကိုင်အခွင့်အလမ်းရှားပါးပြီး ပျော်ရွှင်စရာနေရာမရှိတော့တာကြောင့် ဆေးခြောက်ကို အပျင်းပြေသောက်သုံးနေကြတာလို့ လူငယ်တွေက ပြောဆိုနေကြပါတယ်။
သတင်း- ကချင်ပြည်သား
Comentarios