ပါဂျောင်မီီဒယာ( သတင်းဆောင်းပါး )
၄ရက်၊ မတ်လ၊ ၂၀၂၄ခုနှစ်။

“ကျမတို့ ငယ်ငယ်တုန်းကလို မြစ်ရေ၊ချောင်းရေတွေကို မသောက်သုံးရဲတော့ဘူး။ ရေက တစ်ချိုု့နေရာမှာဆို လက်ဖက်ရည်လိုလို၊ ရွှံ့ရေလိုလိုနဲ့ တစ်ချို့နေရာတွေမှာက သဲရေလိုလို သောက်လို့လည်း မရတော့ဘူးလေ။”
ကချင်တစ်မျိုးသားလုံးအတွက် သမိုင်းဝင်နေရာဖြစ်တဲ့အပြင် မြန်မာတစ်နိုင်ငံလုံးရဲ့ အဓိက အသက်သွေးကြောလို့ တင်စားထားတဲ့ ဧရာဝတီမြစ်ကြီး စတင်ဖြစ်ပွားခဲ့ရာ မေခနဲ့ မလိခမြစ် ပေါင်းဆုံမြစ်ဖျားခံသော မြစ်ဆုံကမ်းနားအနီးရှိ တန်ဖရဲကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြနေခဲ့တာပါ။
တစ်ချိန်က တိတ်ဆိတ်အေးချမ်းတဲ့ မြစ်ကမ်းပါးတွေ ခုချိန်မှာတော့ မြေကော်စက် ဘူဒူဇာတွေနဲ့ ရှုတ်ပွနေပါတယ်။ တစ်သွင်သွင်စီးဆင်းနေတဲ့ ရေစီးသံလေးတွေဟာလည်း ခုချိန်မှာ စက်သံအမျိုးမျိုးကြား နှစ်မြုပ်ပျောက်ကွယ်သွားပါပြီ။ မြစ်ကြောင်းတစ်လျှောက် စက်ယန္နရားကြီးတွေနဲ့ ပြည့်နက်နေသလို မနီးမဝေးရှိ ကုန်းပေါ်တွင်လည်း မြေကော်ကားတွေနဲ့ ပြည့်နက်နေပါတယ်။ တူးထားတဲ့ တွင်းတွေထဲမှာလည်း ရေအားပြင်းပိုက်တွေနဲ့ မြေတွေ လောင်းချနေကြပါတယ်။
ကချင်ပြည်နယ်ဟာ တောင်ကုန်းတောင်တန်းနဲ့ သဘာဝတောအုပ်များ ထူထပ်တဲ့ ပြည်နယ်တစ်ခုအဖြစ် ထင်ရှားတဲ့အပြင် ဧရာဝတီမြစ်ရဲ့ မြစ်ဖျားခံရာ ဒေသတစ်ခုအဖြစ်လည်း ထင်ရှားခဲ့ပါတယ်။
ကချင်ပြည်နယ်က လူတော်တော်များများ လက်လှမ်းမှီပြီး အခြေခံ လူတန်းစားမှ လုပ်ငန်းရှင်ကြီးတွေအထိ လုပ်ကိုင်စားသောက်နိုင်သော လုပ်ငန်းမှာ ရွှေတူးဖော်ရေး လုပ်ငန်းဖြစ်ပါတယ်။ ဆင်းရဲတွင်းမှ လွှတ်မြောက်ချင်သော ဒေသခံတွေက တစ်နိုင်တစ်ပိုင် လက်လုပ်လက်ယက်ကျင်း ရွှေတူးဖော်စုဆောင်းပြီး ရုန်းကန်လုပ်ကိုင်ခဲ့ကြသည်မှာ ရှေးအရင်နှစ်များစွာကပင် ဖြစ်ပေလိမ့်မယ်။
မိုးညှင်းက အမျိုးသမီးကြီးတစ်ဦးက “အရင်က ကျမတို့ ရွာမှာ ရွှေတူးတယ်ဆိုတာ ဟွန်ဒါအသေးလေးနဲ့ တနိုင်တပိုင် လက်ယက်ကျင်းဘဲ တူးကြတာလေ” လို့ ပြောဆိုခဲ့သလို “ဒါပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်းကျတော့ ရွှေတူးတဲ့လုပ်ငန်းရှင်တွေ နေရာအနှံ့ကနေ ရောက်လာကြတယ်။” လို့လည်း မိုညှင်းမှ နောက်ထပ်ဒေသခံတစ်ဦးက ပြန်လည်ဖြေဆိုခဲ့ပါတယ်။
ကချင်ပြည်နယ်ရဲ့ သဘာဝပတ်ဝန်းကျင် ဆိုးရွားလာမှု ပြသနာဟာ ၂၀၂၁ခုနှစ် မြန်မာတစ်နိုင်ငံလုံး စစ်တပ်အာဏာသိမ်းယူခံရတဲ့ နောက်ပိုင်းကစပြီး အရှိန်ထိုး ပျက်စီးယိုယွင်းလာခဲ့ပါတယ်။ ဒီလိုရွှေတူးဖော်ရေး လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်မှုကို ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းမှုက ပိုပြီး အရှိန်ကောင်းစေခဲ့ပြီး သယံဇာတ လုယက်တူးဖော်မှုကိုလည်း အရှိန်ကောင်းစေခဲ့ပါတယ်။
ကချင်ပြည်နယ်ဟာ လွန်ခဲ့သောနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေအပြိုင်အဆိုင် လုယက်တူးဖော်မှုတွေကြောင့် မြစ်းချောင်းတွေဟာ မြေလှန်ဖျက်စီးခံရတာ တစ်ဖြည်းဖြည်း ပိုများလာနေပါတယ်။ ဧရာဝတီမြစ်ကြီးဟာလည်း ရွှေတူးဖော်မှုကြောင့် ပြဒါးအဆိပ်သင့်ကာ ဒေသခံတွေရဲ့ လယ်ယာ၊ မြေတွေ ပျက်စီးလာနေပါတယ်။
“ရွှေတူးလို့ ထွက်လာတဲ့နှုန်းတွေက လယ်မြေတွေထဲ စီးဝင်လာလို့ လယ်မြေဩဇာတွေလဲ ပျက်စီးကုန်တယ်၊ အဓိကက ချောင်းရေ အသုံးပြုလို့မရတော့ဘူး” ဆိုတဲ့ စကားသံမှာ ရွှေတူးဖော်မှု အလွန်အကျွံလုပ်ကိုင်နေတဲ့ ဒေသက ပြည်သူတွေ သံပြိုင် ညည်းညူပြောဆိုနေကြတဲ့ စကားသံပဲ ဖြစ်ပါတယ်။
တစ်ချိန်က စိမ်းလန်းတဲ့ တောတောင်တွေ၊ တစ်သွင်သွင် စီးဆင်းတဲ့ ရေကြည်မြစ်ချောင်းတွေဟာ ခုချိန်မှာ ချိုင့်ဝှမ်း၊ ချိုင့်ခွက်တွေ အမှိုက်ပုံတွေနဲ့ ပြည့်နေတဲ့ စွန့်ပစ်မြေဇာပုံတွေ ဖြစ်လာကြသလို ဒီနေရာတွေဟာ အရင်က ဒေသခံတွေ အပန်းဖြေရာ ၊ ပျော်ပွဲစားထွက်ရာ နေရာတွေဖြစ်ခဲ့ပြီး ခုချိန်မှာတော့ ရွှေတွင်းဟောင်းတွေထဲ ကလေးသူငယ်တွေ၊ တိရိစ္ဆာန် ကျွဲ၊နွားတွေ ပြုတ်ကျသွားမှာ စိုးရိမ်နေရပါတယ်။
ရွှေတူးဖော်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းပါးတွေ ပျက်စီးလာပေမယ့် အဲဒီရွှေတူးဖော်ပြီးတဲ့ ကျင်းဟောင်းတွေကို ပြန်ဖို့တာမရှိဘူးလို့လည်း ဆိုပါတယ်။
ရွှေတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် မြစ်ရေစီးကြောင်း ပြောင်းလဲခြင်း ၊ မြစ်ကမ်းပါးပြိုပျက်ခြင်း ၊ မြစ်ကြမ်းခင်း ပျက်စီးခြင်း ၊ မြစ်ရေအတက်အကျ အပြောင်းအလဲဖြစ်ခြင်း ၊ သစ်တောပြုန်းတီးမှု မြန်ဆန်စေခြင်း၊ မြစ်ရေတိမ်ကောလာခြင်း၊ မြစ်ရေအရောင်ပြောင်းလာခြင်း ဖြစ်စေရုံသာမက မြေပြိုမှုတွေကြောင့် သေဆုံးမှုတွေ နှစ်တိုင်းရှိပါတယ်။
ဒါ့အပြင် ရွှေတူးဖော်မှုတွေကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဒေသခံတွေ လုပ်ကိုင်စားသောက်စရာ နေရာရှားပါးခြင်း၊ ပျက်စီးခြင်း၊ မြစ်ကမ်းပါးပြိုကျခြင်း၊ သောက်သုံးရေ ရှားပါးခြင်း၊ ရေအဆိပ်သင့်ခြင်း၊ သား၊ ငါး၊ သယံဇာတ သဘာဝပတ်ဝန်းကျင် ရှားပါးခြင်း၊ ကျေးရွာတစ်ချို့ ပြောင်းရွှေ့ရခြင်း၊ လယ်ယာမြေတစ်ချို့ ထိခိုက်ပျက်စီးခြင်းတို့ ရှိနေပြီဖြစ်ပါတယ်။
ရေညစ်ညမ်းမှု ၊ ကမ်းပြိုမှု ၊ သစ်တောပြုန်းတီးမှု ၊ စိုက်ပျိုးမြေဆုံးရှုံးမှု စတာတွေဖြစ်ပေါ်နေပြီး သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေ နေရာအနှံ့ ဖြစ်ပေါ်နေတာဟာ ရွှေတွင်းလုယက်ထူးဖော်ကြတဲ့ ကိစ္စတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေလို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီမြစ်ကြောင်းတစ်လျှောက် နေထိုင်သူတွေဟာ မြေပြိုမှုနဲ့ ရွှေတူးဖော်ရေးကြောင့်ဖြစ်တဲ့ မြေတိုက်စားမှု တွေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်မှာစိုးရိမ်နေကြပါတယ်။ စက်သုံးဆီတွေ ၊ ရွှေတူးဖော်မှု စွန့်ပစ်အညစ်အကြေးတွေနဲ့ ပြဒါးတွေကြောင့် မြစ်ရေညစ်ညမ်းလာမှု အပါအဝင် ပိုမိုဆိုးရွားလာတဲ့ သက်ရောက်မှုတွေအကြောင်းကို ဒေသခံသတင်းအရင်းအမြစ်တွေမှာ ဖော်ပြကြပါတယ်။
အခုနောက်ပိုင်း ရွှေတူးဖော်တဲ့လုပ်ကွက်တွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာနဲ့ မူးယစ်းဆေးဝါးပြဿနာအပြင် ဒေသခံတွေရဲ့ လုပ်ကိုင်စားသောက်ဖို့ မြေနေရာ ဆုံးရှုံးတာ၊ သောက်သုံးရေ ရှားပါးလာတာနဲ့ ကျန်းမာရေးထိခိုက်လာတဲ့အထိ ဖြစ်လာတယ်လို့လည်း ဆိုကြပါတယ်။
အာဏာသိမ်းမှုအလွန်မှာ တဟုန်ထိုး ထပ်မံတိုးများလာနေတဲ့ စက်ယန္တရားသုံး ရွှေတူးဖော်မှုတွေဟာ နေအိမ်တွေနဲ့ လယ်ယာမြေတွေထဲထိ တစ်ဖြေးဖြေး ဝင်ရောက်လာနေပါတယ်။ လက်ရှိ ရွှေတူးဖော်သူတွေက အရင်လို လူအင်အား အလုပ်သမား အသုံးပြုမှု နည်းပါးပြီး စက်ယန္တရားအကြီးတွေနဲ့သာ တူးဖော်နေကြပါတယ်။
ကချင်ပြည်နယ်ထဲက မြစ်ကြီးနားဒေသ ဧရာဝတီမြစ်ကမ်းတစ်လျှောက်၊ ဝိုင်းမော်၊ ချီဖွေ၊ ရွှေကူ၊ ဗန်းမော်၊ မိုးညှင်း၊ တနိုင်း၊ ပူတာအို၊ ဆွမ်ပရာဘွမ်စတဲ့ ဒေသတွေမှာ အသေးစား ရွှေလုပ်ကွက် (၂၂၃) ကွက်နဲ့ တစ်နိုင်တစ်ပိုင် ရွှေလုပ်ကွက် (၂၆၂) ကွက်ကို ၂၀၂၀ မေလကုန်အထိ လုပ်ကိုင်ခွင့် ချပေးခဲ့ပြီး ၂၀၂၁ခုနှစ် စစ်ကောင်စီတပ်မတော်မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လုပ်ကိုင်ခွင့်ပေးထားသော လိုင်စင်များအားလုံးလည်း သက်တမ်းကုန်ဆုံးသွားကြပြီဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနမှာ ဖော်ပြချက်အရ သိရပါတယ်။
အထူးသဖြင့် ၂၀၁၁ခုနှစ် စက်တင်ဘာလ ၃၀ရက်တွင် သမ္မတဦးသိန်းစိန်လက်ထက်က ရပ်ဆိုင်းထားလိုက်သည့် မြစ်ဆုံဆည်ရေကာတာစီမံကိန်းမှာ ၂၀၂၁ခုနှစ် ၃၀ရက်နေ့မှာ ၁၀နှစ်ပြည့်ခဲ့ပြီ ဖြစ်ပြီး၊ အဲဒီအချိန်ဝန်းကျင်အထိ တစ်နိုင်တစ်ပိုင် လက်ယက်ကျင်း ရွှေတူးဖော်သူတွေ အနည်းစုသာ လုပ်ကိုင်ခဲ့တာပါ။
မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ရမယ့် ရွာပေါင်း ၄၇ရွာ၊ အိမ်ထောင်စု ၁၉၀၄စု၊ လူဦးရေ ၁၀၅၀၅ဦး၊ စာရင်းရှိခဲ့ပြီး၊ လက်ရှိတွင် မြစ်ဆုံ(မလိဇွပ်)၊ တန်ဖဲ့၊ ရွှေပါး၊ ကဒန်ပါ၊ ဒွန်ဘန်၊ လဖျဲ့ စတဲ့ ရွာတွေက အောင်မြင်သာရွာနဲ့ မလိယာန်ရွာတွေမှာ အတင်းအဓမ္မ ရွှေ့ပြောင်းခံခဲ့ရပါတယ်။
ယင်းကာလအချိန်မှစပြီး မြစ်ဆုံဒေသတစ်ဝိုက်တွင် ရေကာတာ စီမံကိန်းကြီး ရပ်ဆိုင်းထားလိုက်ပြီး၊ ရွှေတူးဖော်ရေး လုပ်ငန်းကို စတင်လုပ်ကိုင်လာနေကြပါတယ်။ အထူးသဖြင့် မြစ်ဆုံဒေသတစ်ဝိုက် ရွှေအလွန်အကျွံ တူးဖော်လာနေသည်မှာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး ၂၀၂၁ခုနှစ်က အလွန်အကျွံတူးဖော်နေကြတာပါ။
ယခုကဲ့သို့ ရွှေတူးဖော်မှုများကို ဆက်တိုက်ပြုလုပ်နေမည်ဆိုပါက နောင် ၅ နှစ် မကြာသည့်အချိန်အတွင်း မြစ်ဆုံဒေသ ပျောက်သွားနိုင်သလို ယင်းနေရာရှိ ရွာများ၊ ဧရာဝတီမြစ်ရိုးတလျှောက် ဒေသခံများ အခက်အခဲများစွာနဲ့ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့ရမည်မှာ အမှန်ဖြစ်ပါမည်။
အဆိုပါ ရွှေတူးဖော်မှုများကို မြစ်ကြီးနားမြို့ မြောက်ဘက် မြစ်ဆုံအထက်ပိုင်းတွင်၂၀၂၂ နှစ်ကုန်ပိုင်းမှစ၍ တရုတ်ထုတ် စက်ယန္တရားကြီးတွေနဲ့ နေ့စဉ် နေ့ညမပြတ် လုပ်ဆောင်လာကြသလို၊ မြစ်၏ ကြမ်းပြင် ပေ ၂၀၀၊ ၃၀၀ အထိ တူးဖော်မှုများပင် ရှိနေသည်ဟု မြစ်ဆုံအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အထက်ပိုင်းရှိ မြစ်ဆုံတဝိုက်နဲ့ မလိခ၊ မေခမြစ်ရိုး တလျှောက်အပြင် ဧရာဝတီမြစ်ကြောင်းအတွင်း ရွှေခိုးတူးသည့် စက်လှေဖောင်တွေက မေခ၊ မလိခ မြစ်ဖျား ပိုင်းမှ မြစ်ဆုံဝန်းကျင်အထိ၊ မြစ်ဆုံမှ မြစ်ကြီးနားမြို့အထက် မိုင်းနားကျွန်းအထိ၊ မြစ်ကြီးနားမြို့အောက်ပိုင်း မခန္တီးမှ ဧရာဝတီပထမ မြစ်ကျဉ်းအထိ၊ ပထမမြစ်ကျဉ်းပေါက်ဝမှ ဗန်းမော်မြို့အထက်နားအထိ၊ ဗန်းမော်မြို့မှ ဒုတိယမြစ်ကျဉ်းအထိ၊ ဒုတိယမြစ်ကျဉ်းပေါက်ဝမှ ရွှေကူမြို့ ကျွန်းတော်ဘုရားအထိ ရွှေကျင်တဲ့ စက်လှေဖောင်တွေနဲ့ ပြည့်နှက်သွားခဲ့တယ်လို့ Eleven သတင်းမှာ ဖော်ပြထားပါတယ်။
ရွှေတူးဖော်မှုများကို လက်ရှိအချိန်တွင် မြစ်ချောင်းများတွင်သာမက ပူတာအိုမြို့နယ်၊ လန်းဒေါင်အုပ်စု သမိုင်းဝင်နေရာ N’dum Latep (အင်ဒွမ်လတပ်) တွင်ပါ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများရှိလာကြောင်း ဒေသခံများက ပြောပါတယ်။
မလိခမြစ်ဝန်းကျင်ရှိ ကချင်ယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ Ndum Latep (အင်ဒွမ်လတဲပ်) စစ်ပြေးရွာဟောင်း ဖာကန်းယန်၊ အင်ဖီဂါးရွာ၊ ဂန်နိုင်ယန်ကျေးရွာ ဝန်းကျင်တွင် တရားမဝင်ရွှေတူးဖော်နေသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီးဖြစ်ကာ အခုအခါမှာ ရွှေတူးဖော်တဲ့ဧရိယာ ဧက ၁၀၀ ကျော်ရှိခဲ့ပြီဖြစ်တယ်လို့ Eleven သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီဝန်းကျင်က ဒေသခံတွင်မှာ စိုက်ပျိုးရေးကိုသာ အဓိကထား လုပ်ကိုင်စားသောက်ကြတာဖြစ်တဲ့အတွက် အခုလို တရားမဝင် ရွှေတူးဖော်မှုလုပ်ငန်းကြောင့် ဒေသခံများ၏ လယ်မြေများ ပျက်စီးကာ အခက်တွေ့နေကြရတယ်လို့ ပြောပါတယ်။
ဒေသသတင်းရင်းမြစ်တွေ ဖော်ပြချက်အရ စုစည်းသုံးသပ်ကြည့်မယ်ဆိုရင် မြစ်ဆုံဒေသအပြင် ဝိုင်းမော်၊ ဖားကန့်၊ မချမ်းဘော၊ ပူတာအို၊ ဆွမ်ပရာဘွမ်၊ ရွှေဂူ၊ တနိုင်း၊ ရှင်ဗွေယန်၊ ဗန်းမော်နဲ့ မြစ်ကြီးနား မြို့နယ်တွေမှာလည်း သဘာဝပတ်ဝန်းကျင်ကို ပျက်စီးရလောက်တဲ့အထိ အလွန်အကျွံ ရွှေတူးဖော်မှုတွေ ရှိနေပြီလို့ ထုတ်ပြန်ကြပါတယ်။
ရွှေတူးဖော်သည့် လုပ်ငန်းရှင်သူဌေးများသည် ဒေသခံများကို ဘုရားကျောင်းများ ဆောက်ပေးခြင်း၊ လမ်းတံတားများ ပြုပြင်ပေးခြင်း၊ လမ်းများဖောက်ပေးခြင်း အစရှိသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကြောင်းပြကာ ဒေသခံများ အား စည်းရုံးပြီး ရွှေတူးဖော်ခြင်းများလုပ်ဆောင်လာခြင်း ဖြစ်တယ်လို့ ဆိုကြပြန်ပါတယ်။
မြစ်ဆုံရေကာတာကြောင့် မလိယာန်ကျေးရွာသို့ ရွှေ့ပြောင်းခံခဲ့ရသူ အမျိုးသားတစ်ဦးက “ကျနော်တို့ရွာမှာက လောပန်းတွေက ဒေသခံတွေရဲ့မြေတွေကို ဝယ်နေကြတယ်။ တစ်ချို့က ရောင်းချင်နေကြတယ်။ တစ်ချို့ကြတော့ မရောင်းချင်ဘဲ။ အချင်းချင်းတောင် ပြသနာတက်ကြသေးတယ်။ နောက်တော့ လက်မှတ်ထိုးပြီး သဘောတူပေးရတာပဲ” လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် လုပ်ငန်းရှင်တွေရဲ့ အတင်းအဓမ္မ မြေသိမ်းယူ လုပ်ကိုင်ကြခြင်းကြောင့် မြေရောင်းချင်တဲ့ ဒေသခံများနဲ့ မရောင်းချင်တဲ့ ဒေသခံများအကြား အချင်းချင်း မသင့်မြတ်တော့တဲ့ ဆက်ဆံရေးများလည်း ကျန်ရှိနေလိမ့်မယ်လို့ သုံးသပ်မိပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ ရွှေတူးဖော်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ရေခန်းခြောက်လာတဲ့အပြင် သန့်ရှင်းတဲ့ရေမရရှိတာကြောင့် ဒေသခံတွေနဲ့ ကလေးသူငယ်တွေ ဝမ်းဗိုက်ဆိုင်ရာ ပြဿနာအမျိုးမျိုး ခံစားနေကြရမှာကို စိုးရိမ်နေကြရပါတယ်။
လူဦးရေ ၉,၀၀၀ နီးပါးနေထိုင်တဲ့ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းက ချီဖွေမြို့နယ်၊ ပန်ဝါမြို့မှာလည်း အရင်က ခန်းခြောက်လေ့မရှိတဲ့ရေတွေ ခန်းခြောက်လာနေတာကြောင့် ရေသန့်တွေကို ဝယ်ယူသုံးစွဲနေကြရပြီး မတတ်နိုင်တဲ့သူတွေအနေနဲ့ ရရှိတဲ့ရေကိုသာ ဖြစ်သလို အသုံးပြုနေကြရတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
သုံးရေမလောက်ငှတော့ဘဲ ရေကောင်းမရတော့တဲ့ ရွှေအလွန်အကျွံတူးဖော်နေတဲ့ဒေသက ဒေသခံတွေအနေနဲ့ ရွှေတူးဖော်မှုတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ မျှော်လင့်နေကြတဲ့အပြင် လက်ရှိသုံးစွဲနေတဲ့ရေတွေကို စမ်းသပ်ချက်တွေပြုလုပ်ပေးစေလိုပြီး ကလေးသူငယ်တွေအတွက် ကျန်းမာရေးအထောက်အပံ့တွေ ရနိုင်ဖို့လည်း မျှော်လင့်နေကြပါတယ်။
ပူတာအို – မချမ်းဘောဒေသမှာ ရွှေမှော် ၅၀ ကျော်ရှိပြီး ရွှေတူးဖော်သည့် ကုမ္ပဏီ အားလုံးနီးပါးက ရွှေလုပ်သားတွေကို ငွေကြေးအစား ဘိန်းဖြူ၊ ဘိန်းမဲနှင့် ရာမ စသည့် မူးယစ်ဆေးဝါးတွေသာ ပေးဆောင်နေကြတယ်လို့လည်း ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။ အလုပ်လုပ်သူအများစုမှာ ဗမာ၊ ရှမ်း၊ ရခိုင်လူမျိုးများဖြစ်ပြီး ကချင်လူမျိုးများလည်း ပါဝင်ကာ အများစုမှာ လူငယ်များဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒီလုပ်ငန်းတွေ အကုန်လုံးဟာ မြန်မာစစ်တပ် ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ တရုတ်ကုမ္ပဏီတွေနဲ့ ထိပ်တန်းစီးပွားရေး သမားတွေကို အကျိုးအမြတ် ရစေခဲ့ပေမယ့် ဒေသခံပြည်သူတွေကတော့ မြေယာသိမ်းဆည်း ခံရခြင်း ၊ ဘေးထွက်ဆိုးကျိုးအဖြစ် ရေကောင်းမရရှိခြင်း၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာရခြင်း၊ လူမှုအသိုက်အဝန်း ပြိုကွဲခြင်းနဲ့ မူးယစ်ဆေးဝါးစွဲလမ်းမှု တရှိန်ထိုး မြင့်တက်သွားခြင်း စတာတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။
Comments