top of page

ကန်ပိုင်တည်နယ်စပ်ဂိတ်နှင့် ကုန်စည်စီးဆင်းမှုရပ်တန့်သွားသောကြောင့် စက်သုံးဆီနှင့်ကုန်ဈေးနှုန်းများမြင့်တက်လာ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၂၃ရက်၊အောက်တိုဘာ၊၂၀၂၄။





ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီစျေးများ ပြန်လည်မြင့်တက်လာသည်ဟု မြစ်ကြီးနားဒေသခံများက ဆိုသည်။


မြစ်ကြီးနား-မန္တလေး ကားလမ်းပိုင်းတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် မန္တလေးမှ ဆီကားများဝင်ရောက်ခြင်းရပ်တန့်ခဲ့သည်မှာ ၃လနီးပါးကြာမြင့်လာပြီဖြစ်ပြီး စက်သုံးဆီကို တရုတ်နယ်စပ် ကန်ပိုင်တည်ဂိတ်မှ တင်သွင်းဖြန့်ဖြူးနေရခြင်းဖြစ်သည်။ လက်ရှိ တရုတ်နယ်စပ် ကန်ပိုင်တည်အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေတာကြောင့် ဝိုင်းမော်-ကန်ပိုင်တည် လမ်းပိုင်း ပိတ်ထားရသည့်အပြင် တရုတ်ဘက်မှလည်း နယ်စပ်ဂိတ်များပိတ်ဆို့လိုက်ခြင်းကြောင့် ကချင်ပြည်နယ်သို့ ဆီကားဝင်ရောက်ခြင်းရပ်တန့်သွားကာ ဆီစျေးနှုန်း ပြန်လည် မြင့်တက်လာခြင်းဖြစ်သည်။


“အောက်တိုဘာ လဆန်းပိုင်းထိတော့ ဆီစျေးက ပုံမှန်လောက်ပဲ ၆၅၀၀ တစ်ချို့ဆိုင်တွေမှာ ၇၀၀၀ ပေါ့ ဒီရက်ပိုင်းက စပြီး ဆီစျေးကလည်း ပြန်တက်လာ တယ် တစ်ဆိုင်နဲ့ တစ်ဆိုင်တော့မတူဘူး ပေါ့၊ ဒီမနက်သွားထည့်တာဆို ၈၈၀၀-၉၀၀၀ အဲလောက် ဖြစ်နေပြီ၊ ကုန်စျေးကလည်းတက် ဆီစျေးကလည်းပြန်တက်ဆိုတော့ ပိုပိုပြီး ခက်ခဲလာဖို့ပဲ ရှိတော့တယ်" ဟုဒေသခံတစ်ဦးကဆိုသည် ။


လက်ရှိ ကချင်ပြည်နယ်တွင်တိုက်ပွဲများပြင်းထန်နေပြီး အောက်တိုဘာ ၁၅ ရက်နေ့မှစတင်၍ကချင်ပြည်နယ်၏အဓိက စက်သုံးဆီဝင်ပေါက်ဖြစ်သော တရုတ်နယ်စပ် ကန်ပိုင်တည်အနီးတစ်ဝိုက်ရှိ နယ်ခြားစောင့်တပ်စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့ များက တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းကြောင့် ကားလမ်းပိုင်းများပိတ်ထားခဲ့ပြီး ယခုအချိန်ထိ ကန်ပိုင်တည်အနီးတစ်ဝိုက်တွင် စစ်ရေးတင်းမာနေဆဲဖြစ်သည်။


မြစ်ကြီးနား-မန္တလေးကားလမ်းပိုင်းတွင်ခရီးသည်တင်ကားနှင့်ကုန်တင်ကားများ သွားလာနေပေမဲ့ လမ်းပိုင်း၌အနည်းဆုံး ၈ရက် မှ ၁၃ရက်အထိကြန့်ကြာနေသောကြောင့် လက်ရှိကချင်ပြည်နယ်သို့မန္တလေးဘက်မှ ကုန်စည်ဝင်ရောက်မှုနှောင့်နှေးကာ ဆေးဝါးနှင့်ကုန်ပစ္စည်းများရှားပါးမှုဒဏ်ကိုခံနေရကြောင်းသိရသည်။


Commentaires


Pajau Media

Thanks for subscribing!

bottom of page