top of page

ကချင်အာဇာနည်နေ့ မိန့်ခွန်းတွင် KIO ဥက္ကဌ၊ ဗိုလ်မှူးကြီး အင်ဘန်လမှ ကချင်တစ်ပြည်နယ်လုံး အတိုင်းအတာ အထူးစစ်ဆင်ရေးတွင် ပါဝင်နေသူများအား ကျေးဇူးတင်ဂုဏ်ပြု

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၀၊ ၈၊ ၂၀၂၄။



KIO က အထူးစစ်ဆင်ရေးကို ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာ ဖော်ဆောင်နေပြီး ပါဝင်နေသော တပ်မှူးများ၊ မဟာမိတ်အဖွဲ့များနှင့် ပြည်သူလူထုများကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လမှ ယနေ့(ဩဂုတ်လ ၁၀ရက်) မနက် ကချင်သတင်းနှင့် ပြန်ကြားရေးဌာန Laiza TVတွင် ပြောကြားခဲ့ပါသည်။


ဥက္ကဌ၊ ဗိုလ်ချုပ်ကြီး အင်ဘန်လက KIOအနေဖြင့် အထူးစစ်ဆင်ရေးကို တစ်ပြည်နယ်လုံးအတိုင်းအတာ အရှိန်မြင့် ဖော်ဆောင်နေပြီး စစ်ကောင်စီ၏ တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ဆင်ရေးအလုံးစုံ ပြီးမြောက်ခြင်းမရှိသေးသောကြောင့် လွတ်မြောက်နယ်မြေနှင့် မြို့နေပြည်သူများအနေဖြင့် ရန်သူ၏ လေကြောင်းတိုက်ခိုက်မှုများကို သတိထား၍နေရမည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် ကချင်အာဇာနည်နေ့ မိန့်ခွန်းမှတစ်ဆင့် ပြောကြားခဲ့ပါသည်။


“KIO ဗဟိုကော်မတီဟာ ပြည်သူတွေရဲ့ပညာပေး၊ အကြံပေးမှုတွေကို ဂရုတစိုက် အလေးအနက် လက်ခံတန်ဖိုးထားပြီး မိမိလူမျိုးအချင်းချင်း စည်းလုံးမှုပျက်ပျားစေတဲ့ သွေးထွက်သံယို သတ်ဖြတ်မှုမဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ရှားတဲ့နည်းလမ်းနဲ့ တော်လှန်ရေးကို ဖော်ဆောင်နေတာဖြစ်တယ်။ ဒါကြောင့် စစ်တပ်ရဲ့ဒေါက်တိုင်အဖြစ် ကူညီပေးနေကြတဲ့ ပြည်သူ့စစ်အဖွဲ့ BGFတွေကိုလည်း နီးစပ်ရာဆွေမျိုးအချင်းချင်း သတိပေးစည်းရုံးသိမ်းသွင်းကြဖို့ ပြည်သူတွေ တာဝန်ယူ ဆောင်ရွက်ကြဖို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။


ထို့အတူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်ကို တိုင်းရင်းသားလက်နက်ကိုင်များအားလုံး ဝိုင်းဝန်းတိုက်ခိုက်ချေမှုန်းကြရန် အဓိကဖြစ်သောကြောင့် အချင်းချင်းကြား နယ်မြေလုခြင်း၊ နယ်မြေတိုးချဲ့ခြင်းများ မပြုလုပ်ကြရန် သတိထားဖို့လိုကြောင်း ပြောဆိုပါသည်။ အချင်းချင်းတွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်သင့်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားပါသည်။


“အခုချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ကို ဝိုင်းဝန်ချေမှုန်းဖို့ အဓိကဖြစ်ပါတယ်။ တိုင်းရင်းသားအချင်းချင်းကြား နယ်မြေလု၊ နယ်မြေတိုးချဲ့တဲ့ ကိစ္စတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမည်ဆိုတာကို အားလုံးနားလည်ထားဖို့လိုပါတယ်”ဟု ဗိုလ်မှူးကြီး အင်ဘန်လက ပြောပါသည်။


ဒါ့အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် အစိုးရအဆက်ဆက် လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ကို မူဝါဒခိုင်ခိုင်မာမာချမှတ်ထားပြီး နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားကြောင်းဖြစ်သည်ကို ပြည်သူများသိရှိနားလည်ကြပြီဖြစ်သည်။


ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခသည် ညှိနှိုင်းပြေလည်မှုရရန်ဆိုသည်မှာ မဖြစ်နိုင်သည့်အတွက် KIO/KIA အနေဖြင့်လည်း ရည်ရွယ်ချက်ပန်းတိုင်သို့ ရောက်ရှိဖို့ရန် လက်နက်ကိုင် တော်လှန်နေခြင်းဖြစ်သည်။ သို့သော် စစ်မှန်သော နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှု လမ်းကြောင်းများ ပေါ်ပေါက်လာပါက ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းဖြင့်လည်း ဖော်ဆောင်သွားမည်ဟု ယနေ့မိန့်ခွန်းတွင် ပြောကြားသွားခဲ့ပါသည်။


လွတ်မြောက်နယ်မြေများ များပြားကျယ်ပြန့်လာသည်နှင့်အမျှ လူသားအရင်းအမြစ်များ လိုအပ်လာသောကြောင့် မိမိတို့၏သဘောဆန္ဒအလျောက် ဝင်ရောက်ကာတာဝန်များ ထမ်းဆောင်ကြရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါသည်။


KIO/KIA သည် ဆဒုံးမြို့အပါအဝင် မြို့ ၉ မြို့နှင့် စစ်ကောင်စီ၏ ဗျူဟာမြောက်တပ်စခန်း အကြီးအငယ်ပေါင်း တစ်ရာကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ထိုဒေသတွင် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးယန္တရားစသည့် လုပ်ငန်းများတွင် တတ်သိကျွမ်းကျင်သော လူငယ်မြောက်မြားစွာကို လိုအပ်နေသောကြောင့် လူငယ်များ မိမိ၏အသိစိတ်ဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းဖိတ်ခေါ်ထားပါသည်။


0 views0 comments

Comentários


Pajau Media

Thanks for subscribing!

bottom of page