top of page

ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝိုင်းမော်မြို့ကို သိမ်းလိုက်ပြီဆိုတာ သတင်းအမှားဖြစ်နေ

  • Writer: Pajau Media
    Pajau Media
  • Aug 8, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၈၊ ၈၊ ၂၀၂၄



ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIAကသိမ်းလိုက်ပြီဆိုသော သတင်းမှာ ယမန်နေ့ ဩဂုတ်လ ၆ရက်ကတည်းက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထိပ်သီးသတင်းအဖြစ် အပြောများနေခဲ့ပါသည်။ ၎င်းနှင့်ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မမှန်ကန်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံသို့ အတည်ပြုပြောဆိုခဲ့ပါသည်။


ထို့ပြင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၅၈) တပ်စခန်းကို KIAက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းများ အစီအရီတက်လာသော်လည်း တကယ့်မြေပြင်တွင် မည်သည့်တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိကြောင်း KIA သတင်းနှင့် ပြန်ကြာရေးတာဝန်ခံက ပြောပါသည်။ သို့သော်လည်း ဝိုင်းမော်မြို့ထဲတွင် စစ်ကောင်စီ၏ ခလရ (၅၈) တပ်ရင်းတစ်ခုသာ ကျန်ရှိနေသောကြောင့် အင်အားများတိုးချဲ့ထားကြောင်း သိရှိရပါသည်။


ဝိုင်းမော်မြို့နယ်တွင် လွန်ခဲ့သော ဇွန်လမှစတင်ပြီး KIAနှင့် စစ်ကောင်စီတို့အကြား စစ်ရေးတင်းမာမှုများရှိပြီး မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်ရှိ ကျေးရွာများမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေသည်မှာ ယနေ့ထိပင်ဖြစ်သည်။


လက်ရှိအနေအထားအရ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ရှိ ဒေသခံပြည်သူများက အင်တာနက်လိုင်းမရသည့်အပြင် စစ်ကောင်စီဖက်မှ မြို့တွင်းစစ်အင်အားဖြည့်မှုနှင့် တင့်ကားများတွေ့ရှိရသောကြောင့် တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ်နေရပြီး ဤကဲ့သို့ သတင်းတု၊ သတင်းအမှားများ မလွှင့်ရန်တောင်းဆိုလျက်ရှိပါသည်။


ကချင်ပြည်နယ်အတွင်း လွန်ခဲ့သော ဇူလိုင်လ ၂၁ရက်နေ့မှစပြီး ဖုန်း၊အင်တာနက်ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIAက မြစ်ကြီးနားမြို့နယ် မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းများကို ဩဂုတ်လ ၂ရက်နေ့တွင် သိမ်းပိုက်ထားပါသည်။


Opmerkingen


Pajau Media

Thanks for subscribing!

bottom of page