top of page
Writer's picturePajau Media

ကချင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ပြည်သူ့စစ်အဖွဲ့သားများ၏ အဖမ်းအဆီးများကြောင့် ထွက်ပြေးတိမ်းရှောင်လူငယ် ပိုမိုများပြားလာ

ပါဂျောင်မီဒီယာ(သတင်းဆောင်းပါး)

၂၆ရက်၊ ဇန်နဝါရီလ၊ ၂၀၂၄



“နိုင်ငံအကျပ်အတည်းကြောင့် အလုပ်အကိုင်အခွင့် အလမ်း ရှားပါးမှု တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေသည့် ကြားက စစ်ကောင်စီတပ် လက် အောက် ပြည်သူ့စစ်တပ်ဖွဲ့တွေ ရဲ့ စစ်သားစုဆောင်းမှု တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာတာကြောင့် နောက်ပိုင်း မြို့ပေါ်မှာလူငယ်ဆိုတာ မရှိသလောက်ဖြစ်သွားတယ်။ မနေရဲကြဘူး၊ထွက်ပြေးတိမ်းရှောင်တာတွေ များလာတယ်။” ဟုလူငယ်တစ်ဦးကပြော သည်။


စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ တိုက်ပွဲ များ ဆက်တိုက်ဖြစ်ပွားလာတာ ဒီနေ့ဒီအချိန်ထိ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က ကျရှုံးမှုများလာသည့်အတွက် စစ်သားအင်အား လိုအပ်ချက်အရ ပြည်သူ့စစ်တပ်ဖွဲ့တွေကို ဖိအားပေးမှုကြောင့် စစ်သားစုဆောင်းမှုကို ကချင်ပြည်နယ်အတွင်း တင်းကျပ်စွာ လုပ်ဆောင်လာတာ ဖြစ်နိုင်တယ်လို့ ဒေသခံလူငယ်များ ပြောဆိုနေကြတာပါ။


ပြည်သူ့စစ် တပ်အင်အား စုဆောင်းမှုများသည် ၂၀၂၃ နှစ်ကုန်ပိုင်းက စပြီးပိုမို လုပ်ဆောင်လာတာကိုတွေ့ရပါသည်။ တင်းကျပ်စွာ စစ်အင်အား စုဆောင်းမှုကြောင့် လူငယ်တော်တော်များများက ကိုယ့်ဒေသအတွင်းနေထိုင်ဖို့ စိုးရိမ်ပူပန်မှု များစွာရှိနေကြသည်။ အရွယ်ကောင်းသော လူငယ်များသည် ကိုယ့်အနာဂတ်လှပဖို့ ကိုယ့်ကြိုက်ရာလမ်းကို ရွေးချယ်ပြီး ကြိုးစားလုပ်ဆောင်ဖို့ အခွင့်အရေးရှိပေမဲ့လည်း မရကြပါဘူး။ တိုင်းပြည်ထူထောင်ရာမှာ လူငယ်များ၏ အခန်းကဏ္ဍကလည်း အရေးကြီးသည့်ကဏ္ဍတစ်ခု ဖြစ်ပါသည်။ သို့သော် လက်ရှိမှာ ပြည်သူ့စစ်အဖွဲ့များ၏ လိုက်လံဖမ်းဆီးမှုများကြောင့် လူငယ်တွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။


ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ ဦးရွှေမင်း ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့အစည်းများသည် ဝိုင်းမော်မြို့အတွင်း လီဆူပြည်သူများကို အတင်းအဓမ္မ အင်အားစုဆောင်းဖမ်းဆီးမှုများ ယခင်ထက် ပိုမိုလုပ်ဆောင်လာသည်ဟု လီဆူပြည်သူများ ပြောပြချက်အရ သိရသည်။ အင်အား စုဆောင်း ရာ တွေ တင်းကျပ်သောနည်း လမ်းဖြင့် အသက်မပြည့်သေးသူများ၊ မသန်စွမ်းသူများ နှင့် အသက် (၅၀) အရွယ် လူကြီးပါမကျန် လိုက်လံဖမ်းဆီးနေကြတယ်လို့ လီဆူပြည်သူများထံမှသိရသည်။ “ကလေး၊လူကြီး၊ မသန်စွမ်းဘာမှ မကျန်ဘူး။ ကားနဲ့ လာတယ်၊ အိမ်တိုင်ရာရောက်လာဖမ်းတယ်၊ ကလေးသူငယ်နဲ့ သက်ကြီးဘိုးတော်တွေကို ဓါးစာခံအနေနဲ့ဖမ်းပြီး ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေနဲ့ လာလဲခိုင်းတယ်၊ ဖမ်းခံရတဲ့သူတွေက အသက်(၁၅) နှစ်အရွယ်ကလေးတွေလည်းပါလာတယ်” လို့ပြောလာပါတယ်။


ဦးရွှေမင်း၏လုပ်ရပ်အား မထောက်ခံသည့် လီဆူပြည်သူများမှာ အင်းအားစုဆောင်း ဖမ်းဆီးမှုကို မလိုလားသည့်အပြင် ရှောင်ရှားနိုင်ရန်လည်းခက်ခဲ နေကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဦးရွှေမင်းသည် လီဆူမျိုးနွယ်စု လွတ်မြောက်ရေးအတွက်ဆိုပြီး ဒူးလေးပါတီ တည်ထောင်ကာ လီဆူလူမျိုးအိမ်ထောင်စုစာရင်း ကောက်ခံထားပြီးဖြင့်သည့်အတွက် ရှောင်ရှားရန်ခက်ခဲလှကြောင်း အမည်မဖော်လိုသော ပုဂ္ဂိုလ်တစ်ဦး ပြောသည်။ဝိုင်းမော် အနီးတဝိုက် ပြည်သူ့စစ်အင်အား စုဆောင်းမှုများ တင်းကျပ်လာသည့်နောက်ပိုင်း လမ်းသွားလမ်းလာ ပြည်သူများ ကို စစ်ဆေးမှု များ ပိုမိုလုပ်ဆောင်လာကြောင်းလည်းသိရသည်။


ပူတာအိုဒေသမှာလည်း “စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်မှ ဒေသကိုအခြေခံတဲ့ ဖယ်ဒရယ်ပေးတော့မှာ ဖြစ်တယ်၊ ပူတာအိုဒေသကို Kiaအဖွဲ့ ဝင်လာတော့မှာဖြစ်တဲ့အတွက် ကိုယ့်ဒေသကို ကာကွယ်ဖို့လိုပြီ၊ ပြည်သူ့စစ်ထဲများများဝင်ကြပြီး မိမိဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင်လုပ်ရမယ်” ဟု စည်းရုံးရေးဆင်းပြီး စစ်သားစုဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါသည်။ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတစ်ဝိုက်မှာဆိုရင် ရှမ်းနီလူငယ်တွေကို ရှမ်းနီပြည်သူ့စစ်တွေဟာ လက်နက်တွေနဲ့ခြိမ်းခြောက်ပြီး တစ်အိမ်တစ်ယောက် စစ်သားမလုပ်မနေရဆိုပြီးတော့ ဇန်နဝါရီလ ဒုတိယပတ်လောက်ကစပြီး ခပ်စိပ်စိပ် တစ်အိမ်တက်ဆင်း ဖမ်းဆီးမှုတွေလုပ်နေတာကြောင့် ဒေသခံလူငယ်တွေသာမက ကျောင်းသားလူငယ်တွေပါ နေအိမ်ကနေ တိမ်းရှောင်နေကြရတယ်လို့ မိုးညှင်းဒေသခံတွေက ပြောပါတယ်။


ဂိတ်တွေတိုးဖွင့်တာ၊ စစ်သားလိုက်လံစုဆောင်းတာတွေကို ခပ်စိပ်စိပ်ပြုလုပ်လာကြတဲ့ ပြည်သူ့စစ်တွေအပေါ် လူငယ်တွေဟာ ပိုပြီးအမြင်မကြည်တာတွေနဲ့ မလိုလားမှုတွေကြောင့် သူတို့ကို ပြန်ပြီးတော်လှန်လာနိုင်တဲ့ အခြေအနေမျိုး ရောက်လာနိုင်တယ်လို့လည်း လူငယ်တွေက ဆိုကြပါတယ်။ ဦးရွှေမင်းခေါင်းဆောင်တဲ့ ပြည်သူ့စစ်အနေနဲ့ စာထုတ်ပြန်တဲ့နောက်ပိုင်း လီဆူလူမျိုး အယောက် ၃၀၀ လောက်ကို တစ်လလောက်အတွင်း စစ်သင်တန်းပေးနေပြီဟု မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားထားပြီးနောက်ပိုင်း ထပ်ပြီးစုဆောင်းထားသည့် အရေအတွက်နဲ့ အခြားရှမ်းနီနဲ့ရဝမ် ပြည်သူ့စစ်တွေ စုဆောင်းထားတဲ့ အရေအတွက်ကိုတော့ မသိရေသေးပါ။


စစ်အာဏာရှင် အုပ်ချူပ်မှုစနစ်ကို တနိုင်ငံလုံး တော်လှန်နေချိန် ယခုလို ဖမ်းဆီးမှုလုပ်ရပ်သည် ကချင်ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲအောင် လုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု ဝေဖန်ပြောဆိုမှုများ ရှိနေပါသည်။ပြည်သူ့စစ်အဖွဲ့များအနေဖြင့် မိမိ၏ လူမျိုးစုများကို တကယ်ချစ်ပြီး ကာကွယ်ပေးချင်သည့် စိတ်ဆန္ဒရှိခဲ့လျှင် မျိုးနွယ်စုထဲမှ ပျက်စီးနေသည့် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ဒုစရိုက်သမားများကို ခေါ်ယူဆုံးမပြီး ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်စေလိုကြောင်းလည်း စစ်သားစုဆောင်းခြင်းကို အလိုမရှိကြသည့် လူငယ်များက ဆိုပါတယ်။


မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု သုံးနှစ်တာကာလအတွင်း နိုင်ငံအနှံ့ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေဆဲဖြစ်ပြီး၊ လူအခွင့်အရေး၊ ပြည်သူလူထုများ၏ စားဝတ်နေရေးကျပ်တည်းမှုမှာလည်း အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေပါသည်။ စစ်ကောင်စီ အုပ်ချုပ်မှုအောက်မှာ မြန်မာနိုင်ငံ၏အခြေအနေသည် အဆိုးရွားဆုံးအခြေအနေတွင် ရှိနေသော်လည်း စစ်ကောင်စီတပ်သည် နိုင်ငံအခြေအနေမတည်ငြိမ်မှုဆိုသည့် ခေါင်းစဉ်ဖြင့် သက်တမ်း (၆)လ ထပ်တိုးထားသည်။ နိုင်ငံအနှံ့ နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေရာ ဇန်နဝါရီလတွင် ကချင်ပြည်နယ်အတွင်း တိုက်ပွဲအကြိမ်ရေ (၂၉) ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း စစ်တမ်းများအရ သိရသည်။ စစ်ကောင်စီတပ်သည် လက်နက်ကိုင်အချင်းချင်း တိုက်ခိုက်တာမျိုးမဟုတ်ပဲ အရပ်သားပြည်သူများကိုပါ တိုက်ခိုက်ဖမ်းဆီးမှုများလည်း ပိုမိုလုပ်ဆောင်လာပြီး ဇန်နဝါရီလတွင် ကချင်ပြည်နယ်အတွင်း အရပ်သားပြည်သူ (၃၃) ဦးအထိဖမ်းဆီးခဲ့ပြီး လက်နက်ကြီးကျည်ဆံကြောင့် ထိခိုက်သူ (၁၅) ဦးအထိရှိပြီး၊ သေဆုံးသူ (၈) ဦးအထိရှိလာကြောင်းလည်း သိရသည်။


သတင်းဆောင်းပါး - ပါဂျောင်မီဒီယာ


Comments


bottom of page